Tuesday, August 3, 2010

လေထဲက အသံ တချို့တလေ

ခုတလော ပုတီးလည်း စိပ်ဖြစ်တယ် လူ အများကြီးနဲ့လည်း ကတောက်ကဆ ဖြစ်တယ်

ငါ့ကို ဗွေမယူပါနဲ့ဦး လောကရယ်

ယုံကြည်ရာတွေမှာ ဘုရားကလွဲလို့ ဘာမှ လက်ကျန် မရှိတော့ဘူး

ရေပြင်ကို မုန်းတယ် မြေပြင်ကို မုန်းတယ် ကမ္ဘာမြေကို မုန်းတယ်

အထပ်ထပ် ဆုံးရှုံးမှုတွေက ငါ့သမိုင်းကို အမည်းစက်ကြီးတွေ ပေးတယ်

မြင်းရိုင်းတွေလို လွတ်လပ် ကြမ်းရှတဲ့ ဘဝဆိုတာလည်း ခုအခါမှာ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ ပင်လယ်လို

ငါ့ သမုဒ္ဒရာဟာ မငြိမ်မဆိမ် မွဲခြောက်ခြောက်နဲ့ ကန္တာရတွေ ဆန်လိုဆန်

ဒီလိုနဲ့ ငါ့မှာ ဘုရားနဲ့ ညစဉ် စကားစမြည် ပြောရင်းသာ လောကကြီးကို စုံကန်ရတယ်

ဟိုးအဝေးက လကလည်း သာပါရဲ့

အနီးနားက လရောင်ကို ပို မြတ်နိုး စုံမက်ရမယ်ဆိုတဲ့

လော့ဂျစ်ကျကျ အတွေးအခေါ်တွေနဲ့ပဲ ဒီလောကက လည်ပတ်နေတာ များတယ်

အဲဒီတော့ အူကြောင်ကြောင် နိုင်တဲ့ ငါ ..

ဒီလောကကြီးမှာ နေသားမကျသေးဘူး ဆိုတာ သေချာလာနေတယ်

မနက်ဖြန်များ နေသားကျတော့မလား

သန်ဘက်ခါများ နေသားကျတော့မလား အတွေးတွေနဲ့ မျှော်လင့်ချက်တော့ ရှိပါရဲ့

ကံကြမ္မာကို ခြေစုံမကန် ရဲသေးသရွေ့ ငါ ဘယ်အရာကို လက်ထဲ ဆုပ်ကိုင်ထားရမလဲ

ဘယ်အရာတွေက ငါနဲ့အတူ ရှိနေပေးမှာလဲ

အကုသိုလ်တွေလား ကုသိုလ်တွေလား နှစ်ခုစလုံးလား

တကယ်ဆို နောင်တဆိုတာလည်း ငါ့မှာမရှိခဲ့ပါဘူးလို့ အမြဲ ကြွေးကြော်နေမိတာပါ

အဲဒီ သမိုင်းတွေကို ပြန်ဖျက်ဖို့ တစ်နည်း ပြန် ရေးလိုက်ဖို့ တစ်နည်း ဘာမှ မကျန်ခဲ့ဖို့

တစ်နည်းပေါင်းများစွာနဲ့ အဖန်ဖန် အထပ်ထပ် နိုးထလိုက်ရပြန်တာချည်းက လွဲလို့

လက်ထဲက ဘဝမှာ ဘာစကားလုံးမှ မကျန်သေးတာ သေချာနေတယ်။


- လရိပ်ပြာ -

3 August 2010

Friday, July 23, 2010

တနယ်တကျေး

ကောင်းကင်ကို မော့ကြည့်တော့

ကြယ်တွေက တစ်ညလုံးမတိတ်တဲ့ အသံ

ခြေခင်းလက်ခင်းမသာယာ

ကြယ်တွေမှာနောက်ထပ်ဘဝရှိနိုင်သလား

တွေးတယ်….

ရေတံခွန်ကို ဘယ်လိုမီးညှိရမလဲ

ပြတင်းပေါက်က ဖျတ်ကနဲအရိပ်ကလေးရယ်

စီးကရက်တွေသာ တစ်လိပ်ပြီးတစ်လိပ်

မီးခိုးငွေ့တွေသာ စိတ်နာလက်နာ

ညစဉ်ညတိုင်း ၊ တစ်ကိုယ်တည်း

အိပ်မက်တွေက အိပ်မက်ထဲထိ မက်နေဆဲ

စိတ်ဖြေစရာ၊ ဂီတမရှိ

ရယ်သံမောသံ၊ အနုပညာ၊ မိုးတိမ်များလည်းမရှိ

ကိုယ့်ရင်ဘတ်ကိုယ် ရိတ်သိမ်းမယ့်မိုးနှယ်

ငါ့စိတ်ကိုခိုးယူသွားရာ

မြို့ ပြများလည်း အဆန်းတကြယ်

ငါယဉ်ကျေးခဲ့ရာ လရောင်ပြာလည်း

ငါ့ဆီ ဖြတ်ပိုင်းပြန်မလာတော့

တကယ်ဆို….

ငါတို့နှစ်ယောက်ဟာ နှလုံးသားချင်းဆက်အမြွှာ

သံသရာမှာ သေရာပါခဲ့ပုံ။ ။


ဘုန်းနေသွန်း
၂၀၀၄

(တနယ်တကျေး ရောက်နေတဲ့ ကဗျာဆရာ အမှတ်တရ)

Thursday, May 27, 2010

ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ (ဆရာတော် အရှင်ဆန္ဒာဓိက)

(စိတ်ဓာတ်အင်အားတွေ အလွန်အမင်း ကျဆင်းနေချိန်၊ တကယ်ကို ဘာလုပ်လုပ် ကံမကောင်းမှုတွေနဲ့ပဲ ကြုံနေရတဲ့ ကာလမှာ ဆရာတော်ရေးတဲ့ ဒီစာလေးကို ဖတ်လိုက်ရပါတယ်။ ဖတ်အပြီးမှာတော့ ရှေ့ဆက်ဖို့ အားအင်လို့ပဲ ပြောရမလား အလင်းရောင်လို့ပဲ ပြောရမလား မသိ၊ ရုတ်တရက် စိတ်ထဲမှာ ချမ်းသာ အေးမြသွားလို့ ကျမလို အားငယ် ဝမ်းနည်းနေသူ မိတ်ဆွေတွေအတွက် ဒီစာလေးကို တင်ပေးလိုက်တာပါ)

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့ လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။

“အရှင်ဘုရား... ဘာများအလိုရှိပါသလဲ ဘုရား”
“ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်”
“အို...အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။”
“နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ”
“တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။”
“မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ”
“တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား”
“မင်းအဘိုးအရင်ကော”
“တပည့်တော် အဘေး နေသွားပါတယ် ဘုရား”
“ဒါများကွာ....
နန်းတော်တဲ့၊ မင်းအဖေလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်း နေပြီး ထွက်သွားရအုံးမယ်၊ ဒါတည်းခိုခန်း မဟုတ်လို့  ဘာလဲကွာ”

ဂျပန်ဘုန်းကြီးရဲ့ စကားကို ကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့ “သြော်... ငါဟာ တည်းခိုခန်းမှာ နေနေပါလား” ဆိုတဲ့ အသိဉာဏ်သစ် တစ်ခု လင်းကနဲ ၀င်သွားပါတော့သတဲ့။

(ဂျပန် ဇင်ပုံဝတ္ထု)

ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို အခန်းပေး မပေးတော့ စာထဲမှာ ဆက်ပြမထားပါဘူး။ ပုံပြင်လေးကတော့ ဒါပါပဲ။ တကယ်တော့ ဂျပန်ဘုန်းကြီးပြောသလို အားလုံး အားလုံးဟာ တည်းခိုခန်းမှာ ခေတ္တခဏ ၀င်တည်းနေကြရတာပါ။ အချိန်တန်ရင် သတ်မှတ်ရက်စေ့ရင် အိမ်ပြန်ကြရမှာပါ။ ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရအုံးမလဲ...?

လူ့ ဘ၀သက်တမ်းကို ယေဘုယျ ၇၅နှစ်ပဲ ထားလိုက်ပါတော့။ အသက် ၄၀ ရှိတဲ့ လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၃၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၅၀ ရှိတဲ့ လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၂၅နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၆၀
ရှိတဲ့သူ တစ်ယောက်ဟာ တည်းခိုခန်းမှာ ၁၅နှစ်ပဲ နေခွင့်ရတော့မှာပါ။

လက်ကျန်အချိန်က နည်းနေပါပြီ။ ကျန်နေတဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။

ဒီအချိန်ဟာ သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်၊ အရွယ် မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့် အချိန်၊ အရွယ်ဖြစ်နေပါပြီ။

ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင် နေဖို့ က အဓိကပါ။

ဒီတော့ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ....? ဒီမေးခွန်းကို နေ့ တိုင်း ကိုယ့်ကိုယ်ကို မေးရမှာပါ။
ဒါဆို လူတစ်ယောက်ရဲ့  တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေနဲ့ တိုင်းတာမလား။

ဒါတွေနဲ့ တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးနဲ့ ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာသုံးပါးနဲ့  ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။

ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေတော့ ရှိပါရဲ့ ။ ဒါပေမယ့် သိက္ခာသုံးပါး
မရှိဘူးဆိုရင် တန်ဖိုးရှိတယ်လို့  မဆိုနိုင်ပါဘူး။ ရာထူးဌာနန္တရ စသည်တွေလည်း ရှိမယ်၊ သိက္ခာသုံးပါးလည်း ရှိမယ်ဆိုရင်တော့
အတိုင်းထက် အလွန်ပါပဲ။

ဒါကို ထောက်ပြီး ကိုယ့်မှာ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေ မရှိပေမယ့် ဘာမှ
အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ရုံပါဘဲ။

မနက်အိပ်ရာထ ကိုယ်လက်သန့် စင်ပြီးတာနဲ့  ဘုရားခန်းထဲသွားလိုက်ပါ။ ပြီးတော့ ငါးပါးသီလ ယူလိုက်ပါ။ ဒါဆို သီလသိက္ခာ တည်သွားပါပြီ။ နောက် ဂုဏ်တော်ကို ငါးမီနစ်၊ မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိ သိက္ခာ တည်သွားပါပြီ။ နောက်ဆက်ပြီး ၀ိပဿနာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆိုရင် ပညာသိက္ခာ တည်သွားပါပြီ။

သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ့  ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။ ခက်လား။ မခက်ပါဘူး။
ဆယ့်ငါးမိနစ် လောက်ပဲ အချိန်ပေးရပါတယ်။

ပြီးတော့ “ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပဲ” လို့  အသံထွက်ပြီး သုံးကြိမ်လောက် ရွတ်လိုက်ပါ။

နေ့ ခင်းကျရင် တစ်ကြိမ် ရွတ်လိုက်ပါ။ ညပိုင်းရောက်ရင် တစ်ကြိမ်ရွတ်လိုက်ပါ။ အသံနဲ့ ပါ ပူးတွဲပြီး ကိုယ့်ကိုယ်ကို
အားပေး လိုက်တာပါ။

ကိုယ့်ရင်ထဲ သိက္ခာသုံးပါး ရောက်လာတာနဲ့  စိတ်ပါဝါ စွမ်းအားတွေလည်း အလိုလို ရောက်လာတာပါ။
တရားသံနဲ့ ပြောရင် ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ။

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြည်ညိုသွားပြီဆိုရင် နေရထိုင်ရတာ ပျော်ပျော်ရွှင်ရွှင်
ဖြစ်သွား တော့တာပါ။ သူတစ်ပါး ကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့ က အဓိကပါ။

အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာကို လျှော့မတွက်ပါနဲ့ ။ အသံထဲမှာ စွမ်းအားတွေ ရှိနေပါတယ်။ ဒါကြောင့် တစ်နေ့ကို သုံးခါလောက် အသံထွက်ပြီး ရွတ်ဆိုပါ။ အသံကလည်း ကိုယ့်ရဲ စိတ်ဓါတ် တက်ကြွမှုကို ကူညီပါလိမ့်မယ်။

တစ်ခါတလေ အဆင်မပြေမှုတွေ ကြုံတဲ့အခါပဲဖြစ်ဖြစ်၊ လောကဓံဆိုးတွေ တွေ့ကြုံတဲ့အခါပဲဖြစ်ဖြစ်
အားငယ်စိတ် ၀င်လာရင် ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ပါ။ တည်လိုက်တာနဲ့  ကိုယ်ဟာ တန်ဘိုးရှိတဲ့သူ တစ်ယောက် ဖြစ်သွားပါပြီ။ ဒါဆို ဘာမှ အားငယ်စရာ မလိုတော့ပါ။

တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို
မုန်းနေတယ်၊ ဘာဖြစ်လဲ။ သူ့ ဟာသူ ကြိုက်သလောက်မုန်း၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ အခြံအရံ အသိုင်းအ၀ိုင်း မရှိဘူး၊ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ်က မအောင်မြင်ဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ
သိက္ခာသုံးပါး ရှိတယ်။ ကိုယ့်မှာ ကားမရှိဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။ ကိုယ့်မှာ မကျန်းမာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။ ကိုယ့်မှာ ငွေကြေး မချမ်းသာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အခြံအရံ အသိုင်းအ၀ိုင်းတွေနဲ့  ဆုံးဖြတ်တာမှ မဟုတ်တာ။ သိက္ခာသုံးပါးနဲ့ ပဲ ဆုံးဖြတ်တာပဲ။

အလုပ်သွားတဲ့အခါ ကားပေါ်မှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် ဂုဏ်တော်လေးကို ပွားနေမယ်။ အလုပ်နားနေတဲ့ အချိန်လေးတွေမှာလည်း ဂုဏ်တော်လေးကို ပွားနေမယ်။ နောက်ဆုံး အိမ်သာတက်ရင်လည်း ဟိုဟိုဒီဒီတွေ တွေးမနေဘဲ ဂုဏ်တော်လေး ပွားတက်မယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ သမာဓိသိက္ခာတွေ ဖြစ်နေတာပါ။။ တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်တွေမှာလည်း တတ်နိုင်သမျှ သတိလေးကပ်ပြီး လုပ်နေမယ်ဆိုရင်လည်း ပညာသိက္ခာတွေ တည်နေတာပါ။

“ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့ အတွေးလေးကိုတော့ ရင်ထဲမှာ သေချာ ထည့်ထားရမှာပါ။ တတ်နိုင်ရင် ကိုယ့်အိပ်ခန်းထဲမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အလုပ်စားပွဲ ပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ်အမြဲ မြင်နေရတဲ့ နေရာမှာပဲဖြစ်ဖြစ် “ငါ့ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ငါဟာ တန်ဖိုး ရှိနေတာပါပဲ” ဆိုတဲ့ စာတမ်းလေးကို ကပ်ထားရမှာပါ။ ဒါဆို စာတမ်းကို မြင်တိုင်း မြင်တိုင်း ကိုယ့်ကိုယ်ကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ သတိပေးပြီးသား ဖြစ်နေတော့တာပါ။

ကျန်ရှိနေတဲ့ သက်တမ်းလေးကို သိက္ခာသုံးပါးနဲ့ နေသွားရုံပါပဲ။

ဒီနေရာမှာ တွေးစရာ သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒ ဇာတ်ကလေးကို
အကျဉ်းချုပ် ပြောပြပါအုံးမယ်။

တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒ မင်းသမီးဟာ ပြဿဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။

အဲဒီအချိန်မှာပဲ လုလင်ပျို တစ်ယောက်ဟာ ရွှေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပါတယ်။ အဲဒီလုလင်က မင်းသမီးကို လူပျိုစကား စပြောပါတယ်။

“မင်းသမီး... တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ”

မင်းသမီးလည်း အတော် ထိတ်လန့် သွားပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အောက်မှာ အစောင့်တွေ အများကြီး ချထားလို့ပါ။ ဒါကြောင့် မင်းသမီးက “ဘယ်လိုလုပ် တက်လာတာလဲ” ပြန်မေးပါတယ်။

လုလင်ကလည်း “ငါဟာ နတ်သားတစ်ယောက် ဖြစ်တယ်။ ငါ့အတွက် မခက်ပါဘူး။ သင်က ငါ့ကို ချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့  ရွှေအပြည့် ပေးပါ့မယ်” လို့  ပြန်ပြောပါတယ်။

ဒီတော့ မင်းသမီးက “သင့်ဟာသင် နတ်သားမကလို့  ဘာပဲဖြစ်နေဖြစ်နေ ကွယ်လွန်သွားတဲ့ ကျွန်မခင်ပွန်းဟောင်း မင်းသားမှ တစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုးဘူး။ သင်ပြန်ပါတော့” လို့  နှင်လွှတ်လိုက်ပါတယ်။

ဒုတိယည ကျတော့ လုလင်ပျိုနတ်သားက ငွေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပြန်ပါတယ်။ ဒါပေမယ့် မင်းသမီးက ချက်ချင်းပဲ ပြန်လွှတ်ပါတယ်။

တတိယည ကျတော့လည်း လုလင်ပျို နတ်သားက ကြေးခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုလာပြန်ပါတယ်။

ဒီမှာတင် မင်းသမီးက စဉ်းစားပါပြီ။ ပထမရက်မှာ ရွှေခွက်နဲ့ ။ ဒုတိယရက်မှာ ငွေခွက်နဲ့ ။ တတိယရက်မှာ ကြေးခွက်နဲ့ ဆိုတော့ သူ့ အတွက် အထူးအဆန်း ဖြစ်နေပါတယ်။ ဒါကြောင့် မင်းသမီးက လုလင်ကို မေးကြည့်ပါတယ်။

“အသင် ယောက်ျား...ယောက်ျားဟာ မိန်းမကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲ ပေးရတယ်။ သင်က ဘာဖြစ်လို့  တစ်နေ့ ထက်တစ်နေ့  လျှော့လျှော့ပေးရတာလဲ” လို့  မေးပါတယ်။

ဒီတော့ လုလင်ပျိုကလည်း ပြန်ဖြေပါတယ်။ “မင်းသမီးရယ်၊ သင့်ရဲ့ အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့ 
တိုးတိုးပျိုပျို လာတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးမှာပေါ့။ သင်မင်းသမီးရဲ့ အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ လျော့လျော့အိုအို လာတာပဲ။ ဒါကြောင့် ငါက ပစ္စည်းကို လျှော့လျှော့ပေးတာပါ။ မင်းသမီးရယ် တစ်ရက် တစ်ည ကုန်လွန်တာကို ထားလိုက်ပါဦး။ အခု သင့်ကို ငါကြည့်နေဆဲမှာပဲ သင့်ရဲ့ ရုပ်ရည် အဆင်းတွေက တဖြုတ်ဖြုတ်နဲ့  အို အို လာနေပြီလေ။ တဖြည်းဖြည်း တစ်နေ့ ထက် တစ်နေ့  ပျိုပျိုလာတာမှ မဟုတ်တာ” လို့ ရှင်းပြလိုက်ပါတယ်။

နောက် လုလင်နတ်သားက မင်းသမီးကို နတ်ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေကို ဆက်ပြီး ဟောပြပေးပါတယ်။

တကယ်တော့ လုလင်ပျိုက အတိတ်လူ့ ဘ၀က မင်းသမီးရဲ့ ခင်ပွန်းဟောင်းပါ။ လူ့ပြည်မှာ ကျန်ခဲ့တဲ့ ဇနီးဟောင်းကို လာပြီး သတိပေး တရားဟောတာပါ။

လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက် နီးနီးသွားတာပါ။ သေဖို့ တစ်ရက် နီးသွားတာနဲ့  ကုသိုလ်ပြုဖို့ အခွင့်အရေးတွေ တစ်ရက် လျှော့သွားတာပါ။ ပြီးတော့ တစ်ရက် ကုန်သွားတာနဲ့  အို အိုသွားတာပါ။ တိုး တိုးပြီး ပျိုပျို
မလာပါဘူး။

ဒီတရားသဘောကို အခြေခံပြီး ဆရာတော် ဘုရားတွေက “တစ်ရက် ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန် တစ်ရက်နီးလာပြီ” လို့  သတိပေးထားပါတယ်။

မနက်အိပ်ရာက နိုးတာနဲ့ မထသေးဘဲ “တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန် တစ်ရက် နီးလာပြီ” လို့  နှစ်ခေါက်လောက် ဆင်ခြင်လိုက်ရင် ကိုယ့်ကိုယ်ကိုလည်း သတိပေးပြီးသား ဖြစ်သွားပါတယ်။ ဒါဆိုရင် တစ်နေ့ တာဖြတ်သန်းတဲ့အခါ
အကုသိုလ် ပြုချင်စိတ် ရှိတော့မှာ မဟုတ်သလို ကုသိုလ်ပြုဖို့ ကိုလည်း သေချာအားထုတ်တော့မှာပါ။

တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက်နီးလာပြီဆိုတာလေးကို သံဝေဂဖြစ်အောင် သေချာဆင်ခြင်ရမှာပါ။

ငယ်ရွယ်နုပျိုတဲ့ သူတွေအတွက်တော့ ကုသိုလ်ပါရမီဖြည့်ဖို့  အခွင့်အရေး ရက်တွေက ပိုပြီး ရှိနေပါသေးတယ်။

ဘယ်အသက်အရွယ်ပဲ ရောက်နေရောက်နေ “ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ” ဆိုတဲ့ မေးခွန်းကို သေချာမေးပြီး ကျန်ရှိနေတဲ့ သက်တမ်းအတွက် “ဘ၀ပုံစံ” ကို သေချာချရမှာပါ။ ကိုယ်ချထားတဲ့ “ဘ၀ပုံစံ” အတိုင်း နေသွားဖို့ ပါ။

ဘာပဲဖြစ်နေဖြစ်နေ၊ ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါပဲ။

အလင်းတန်းဂျာနယ်

၃၁.၈.၂၀၀၉

စာကြွင်း။ ။ ဒီဓမ္မစာစုလေးဟာ စာရေးသူ ၄.၆.၂၀၀၉ နေ့ က မုံရွာဗောဓိတစ်ထောင်မှာ ၀န်ချီစက်ပြုတ်ကျလို့  ခြေထောက်ကျိုးပြီး ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်ဟောထားတဲ့ တရားလေးကို ဆောင်းပါးအဖြစ် ပြန်ရေးလိုက်တာပါ။

စာရေးသူ ကျိုးပြီး နောက်ပိုင်းမှာ စိတ်နှစ်စိတ်ဖြစ်လာပါတယ်။ တစ်စိတ်က ကြောက်လန့်သွားတဲ့စိတ်ပါ။ တစ်စိတ်က သံဝေဂ စိတ်ပါ။ သံဝေဂစိတ်ဖြစ်တာ ကောင်းပေမယ့် ကြောက်လန့် စိတ်ကျတော့ လူကို တော်တော်ဒုက္ခပေးပါတယ်။ ခရီးဝေးသွားရမှာတောင် ကြောက်သွားပါတယ်။ ဘ၀မှာဖြစ်ချင်တာတွေ အကုန်နီးပါးဖြစ်၊ လိုချင်တာတွေ အကုန်နီးပါးရဆိုတော့ “သြော်...ငါအတိတ်ကုသိုလ် ပါရမီတွေ တော်တော်ကောင်းခဲ့ပါလား၊ ဒီဘ၀ ပြုနေတဲ့ကုသိုလ်တွေကလည်း အကျိုးပေးနေပုံရတယ်။ ဆက်လည်း ပြုနေအုံးမှာဆိုတော့ နောင်လည်း ဒီထက်မကတဲ့ ကောင်းကျိုးတွေက လာနေအုံးမှာပဲ” ဆိုတဲ့ အတွေးက အစဉ်သဖြင့်ရှိနေလို့ ပါ။ ဒီမှာတင် အဖြစ်ဆိုးကြီးနဲ့  ကြုံလိုက်ရတော့ ကြောက်လန့် စိတ်ဝင်သွားပါတယ်။
ကျိုးပြီးနောက်ပိုင်း ဒကာ ဒကာမတွေက ယခင်ကထက် ပိုဂရုစိုက်ပေးပါတယ်။ န၀ကမ္မဆိုလည်း ကပ္ပိယမှတစ်ဆင့် ပိုပိုလျှံလျှံ လှူပေးတာပါ။ ဘယ်ဆေးရုံသွားချင်လဲ၊ ဘယ်လောက်ပဲကုန်ကုန်ဆိုပြီး ကုန်ကျစရိတ် အကုန်လှူမယ်လို့  ဆိုလာတဲ့ ဒကာ ဒကာမတွေလည်း အများကြီးရယ်ပါ။ ရန်ကုန်-မန္တလေး ဆရာဝန်တွေကလည်း သိပ်ဂရုစိုက်ကြတာပါ။ ဒါပေမယ့် ကြောက်လန်
့စိတ်ကတော့ ပျောက်မသွားခဲ့ပါဘူး။ ဒါကြောင့် အထက်ပါ ဓမ္မစာစုလေးကို ကိုယ့်ကိုယ်ကို နေ့ ရော ညပါ အကြိမ်ကြိမ် ပြန်ဟောခဲ့ရတာပါ။ ကိုယ့်ကိုယ်ကို ဟောရတာလည်း မရိုးနိုင်၊ နာရတာလည်း မရိုးနိုင်ခဲ့ပါဘူး။ အကြိမ်ကြိမ် ဟောခဲ့မှ စိတ်သက်သာရာ ရခဲ့တာပါ။ အခုလည်း ဟောနေဆဲပါ။

စာရေးသူနဲ့ စာဖတ်သူဆိုတာ မသိကြပေမယ့် စိတ်ချင်းရင်းနှီးကြတာ များပါတယ်။ ကိုယ်က ရဟန်းဆိုတော့ ကြည်ညိုစိတ်နဲ့  ပိုပြီးတောင် ရင်နှီးစိတ် ဖြစ်ကြအုံးမှာပါ။

စိတ်ချင်းရင်းနှီးရင် ကိုယ်ရေးလိုက်တဲ့စာဟာ စာဖတ်သူအတွက် လက်ခံကျင့်ကြံအားထုတ်ဖို့  ပိုဖြစ်သွားတော့မှာပါ။ ဒီဓမ္မစာစုလေးဟာ စာဖတ်သူအတွက် ကျင့်ချင်စရာ အကျင့်စရဏလေးတစ်ခု ဖြစ်သွားလိမ့်မယ်လို့ လည်း ယုံကြည်ပါတယ်။

တကယ်လို့  စာဖတ်သူက ရင်းနှီးစိတ်ကို အခြေခံပြီး လက်တွေ့ ကျင်ြ့ဖစ်သွားတယ်
ဆိုရင်တော့ စာရေးသူအတွက် ရေးရကျိုး နပ်သွားပါပြီ။

Wednesday, May 26, 2010

အေပရယ် တစ်နေ့အတွက် ကဗျာ

Friday, April 30, 2010 at 7:19pm
ဒီနေ့ တစ်နေ့လုံးလည်း စိတ်ကို အနားမပေးပါ။

အလုပ်များချင်ယောင်ဆောင်နေမိတဲ့ စိတ်ကလည်း ကျွန်မကို အောင်မြင်ခွင့် မပေး။

တစ်စုံတစ်ရာသော ခံစားချက်မှာ နက်နက်ရှိုင်းရှိုင်း တွယ်နေမိတဲ့ စိတ်..

အေပရယ်က ရက်ရက်စက်စက်ကို ပူပါတယ်

အယောင်ဆောင် အရိပ်တွေနဲ့ ကျွန်မရဲ့ လပြည့်ညကလည်း အနက်ရောင်တောတွေ ထလို့

ပေါ့ပေါ့ပါးပါးလေး ရယ်မောနေတဲ့ နှုတ်ခမ်းတွေလည်း ခြောက်တသွေ့သွေ့

နူးနူးညံ့ညံ့လေး တွေးကြည့်လိုက်ဖို့တောင် ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါ

အဲဒီ စနေရယ် တနင်္ဂနွေရယ် အပြီးမှာ

အားလုံးကို ပြီးဆုံးပါပြီလို့ ကြေညာလိုက်နိုင်တာ အံ့ဩစရာတော့ အနည်းအကျဉ်း ကောင်းနေတယ်

ကိုယ့်ကိုယ်ကို မယုံခဲ့လို့ အဲဒီ အရိပ်ယောင် နောက် ပြေးလိုက်ခဲ့တယ် လက်တွေကို ရူးရူးမိုက်မိုက် တွဲထားမိတယ်

တကယ်ဆို သံယောဇဉ်ဆိုတာ ဟိုးဝေးဝေးက ခပ်ဝါးဝါး ဇာတ်ကောင်လေး တစ်ကောင်မျှသာပါပဲ

ဒီလို နားလည်ထားလိုက်တော့တယ်။


-လရိပ်ပြာ-

၂ဝ၁ဝ အေပရယ် ၃ဝ (သောကြာ)

Tuesday, May 18, 2010

ဒလမြို့က ရေဒုက္ခ မြင်ကွင်းများနဲ့ မြန်မာတို့ရဲ့ ဆိုရှယ် ကက်ပီတယ်

သူငယ်ချင်းတစ်ယောက်က ပြောလို့ ဒီစာကို ရေးဖြစ်သွားတာပါ။ ကျမက ဒလသူစစ်စစ် ဆိုတော့ ဒလ အကြောင်း အသိဆုံး နေမှာပေါ့ဆိုပြီး သူငယ်ချင်းက သတင်းနှိုက်လို့ ချက်ချင်းပဲ ကောက်ရေးဖြစ်လိုက်တဲ့ စာတစ်ပုဒ်ပါ။
အရင်ကဆို ရန်ကုန်တစ်ဖက်ကမ်းက ဒလဆိုတာ မထင်မရှားမြို့လေးပါ။ အခု သေချာတာတစ်ခုက အရင်ကထက်တော့ နည်းနည်းလေး ပိုလူသိများသွားပြီ။ ပို နာမည်ကြီးစေတဲ့ တွန်းအားက ရေ ... ပေါ့။
တကယ်တမ်းတော့ ကျမတို့ မြို့မှာ ရေပြဿနာက အမြဲတက်နေကျပါ။ မြို့ခံတွေဟာ ရေနဲ့ ပက်သက်ရင် မိုးရာသီမှာ မိုးရေကို မှီခိုရတယ်။ ဆောင်းရာသီနဲ့ နွေရာသီမှာတော့ မိုးရာသီက မိုးရေတွေကို တတ်နိုင်သလောက် သိုမှီးထားတဲ့ ရေကန်တွေကို အားထားရတယ်။ တချို့တွေကတော့ လက်လှည့် ရေတုံကင်တွေ တူးကြတယ်။ အဝီစိတွင်းတွေ တူးကြတယ်။ တစ်ခု ရှိတာက အဲဒီလို တူးကြတာလည်း ကံကို ပုံရသလိုပါပဲ။ ဒလမြို့ဟာ နဂိုကတည်းက မြေအောက်ရေ မကောင်းတဲ့ ဓာတ်ခံရှိတော့ တူးပြီး ထွက်လာတဲ့ရေဟာ သံချေးနံ့ပြင်းပြင်းများ ရလေမလား။ ဆားငန်ဓာတ်များ ကဲနေမလား ဆိုပြီး ရင်တမမနဲ့ တူးရတာပါ။ အဲဒီလိုမှာမှ ကံကောင်းရင် နည်းနည်းပဲ နံ၊ နည်းနည်းပဲ ငန်တဲ့ ရေရတတ်ပြီး အဲဒီရေကို သုံးရေအဖြစ် ပေါပေါလောလော သုံးကြတာပေါ့။ အဲဒါကလည်း ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလောက်ပါပဲ။ ကျန်တာကတော့ သောက်ရဖို့ ဝေး၊ လုံးဝ သုံးမရတဲ့ ရေတွေပဲ ထွက်တတ်ပါတယ်။ သောက်ရေကတော့ မိုးတွင်းကရေတွေကို အိမ်တွေက တနိုင်တပိုင် လှောင်ထားပြီး သုံးတယ်။ လှောင်ထားတဲ့ ရေတွေကုန်ရင် ရေကန်တွေကို အားကိုးတယ်။ အဲဒါ ပုံမှန်ဖြစ်စဉ်ပေါ့။
နောက်ပြီး ရေပေးဝေရေး ကော်မတီတစ်ခုကို (သိပ်တော့ မမှတ်မိတော့ဘူး) လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်က ဖွဲ့ပြီး ဒလမြို့အလွန် ကျေးရွာတစ်ခု ဖြစ်တဲ့ ရန်ကုန်ပေါက်က ရေကို ပိုက်တွေ သွယ်တန်းပြီး ဖြန့်ဝေ ပေးတယ်။ ယူမယ့် အိမ်ထောင်စုတွေက တစ်အိမ်ထောင်ကို ဘယ်လောက် ငွေသတ်မှတ်ပြီး ပေးရတယ်။ နောက်ပိုင်း လစဉ်ကြေးကိုတော့ မီတာ မှန်မှန်လာဖတ်ပြီး ကောက်တယ်။ အဲဒီရေ စရတုန်းကဆို ရေပြတ်လပ်မှုဒဏ် အမြဲခံရတဲ့ ဒလသူ ဒလသားတွေ ပျော်တာပေါ့။ အဲဒီရေကို တချို့က သောက်ရေတောင် လုပ်တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီ ရေက အစပိုင်းပဲ မှန်မှန်နီးပါးလာပြီး နောက်ပိုင်းတော့ မိုးတွင်းမှာတောင် မှန်မှန်မလာချင်တော့ဘူး။ အခုလို နွေရာသီဆို တစ်လတစ်ခါတောင် မလာတော့ဘူး။ လာတဲ့ရပ်ကွက်တွေ လာတယ်။ မလာတဲ့ နေရာတွေဆိုလည်း တော်တော် ရေပြတ်တဲ့ ဒဏ်ခံရတယ်။ တချို့ရပ်ကွက်တွေဆို ဒီနှစ်ထဲမှာ ပိုက်ရေဆိုတာ မမြင်ဖူးသေးဘူး ဆိုပြီးတောင် ပြောနေကြတယ်။ အဲဒီလိုဆိုတော့ ရေပိုက်တွေတန်းလန်းနဲ့ ရေပြတ်တဲ့ ဒဏ်ကလည်း နှိပ်စက်တော့တာပေါ့။
အဲဒီလို ပုံမှန် ဖြစ်စဉ်မှာမှ နွေရာသီ မတ်လ ကုန်လောက်ထိတော့ ရေရရှိမှုက အိုကေနေပါသေးတယ်။ သင်္ကြန်မရောက်တရောက် အချိန်လောက် ရောက်ပြီဆိုရင်တော့ ပုံမှန်အတိုင်း ရေရှားမှု စတင်ပါတယ်။ ရေကန်တွေမှာလည်း ရေက နည်းလာပြီ။ ဟိုကန် ဒီကန် ရေရနိုး လိုက်ကြည့်ကြ၊ ရေထမ်းပုံးတွေ ကိုယ်စီနဲ့ ဝေးဝေးလံလံ လိုက်ထမ်းရ၊ မထမ်းနိုင်သူတွေက ရေထမ်းသမားဆီက တောင်းသလောက် ဈေးနဲ့ ဝယ်ရနဲ့ ရေရဖို့ ရုန်းကန်ရတယ်။ အဲဒါထက်ဆိုးလာရင် ခန်းစပြုလာတဲ့ ရေကန်တွေမှာ တာဝန်ရှိသူတွေ စီစဉ်ပေးသလို ရေကို တန်းစီခပ်ကြရတယ်။ တန်းစီရင်း ခိုက်ရန် ဖြစ်တာတွေ ရှိလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်နှစ်တွေကဆို အဲဒီ ပြဿနာတွေက မေလလယ်လောက် မိုးကျပြီဆိုတာနဲ့ ပြေလယ်သွားတာပါ။ မိုးကို အမြဲ မျှော်ရတယ်ပေါ့။ မိုးကလည်း စောစော ကျတတ်လို့ ရေရှားပါးမှုကို မြို့သူမြို့သားတွေက ကျိတ်မှိတ်ခံရင်း ရတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလိုက်တာချည်းပါပဲ။
ဒီနှစ်တော့ ပြောကို မပြောချင်တော့ပါဘူး ဖြစ်နေပြီ။ ဧပရယ်လလယ်လောက် ကတည်းက ရေကန်တွေမှာ ရေခန်းသွားတယ်။ ပိုက်ရေကလည်း လုံးဝ မတွေ့ရ။ ရာသီဥတု ပူပြင်းချက်ကလည်း အပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ် ကျော်ပြီဆိုတော့ လူတွေလည်း နေပူပူမှာ ရေပြတ်လပ်မှုကိုပါ အပိုလက်ဆောင် ရလာရော။ အခြေခံ လူတန်းစားတွေ များတဲ့ ဒလမှာ ရေသန့်ဘူးတွေလည်း မှန်မှန် မဝယ်နိုင်ကြဘူးဆိုတော့ နဂို အားထားနေရတဲ့ ရေကန်တွေ ရေတွင်းတွေ ခန်းသွားတဲ့အခါမျိုးမှာ ပိုက်ရေကို မျှော်ကြတယ်။ ပိုက်ရေ မလာတော့ ရေနောက် ဘယ်လို လိုက်ရမလဲ ဖြစ်ကုန်ကြပြီး ဒီနှစ် ဖြစ်ချင်တော့ မိုးကလည်း သင်္ကြန်မိုးလည်း မလာ၊ ကဆုန်မှာလည်း ညောင်ရေမသွန်းဆိုတော့ အပူချိန်များနေတဲ့ ဒေသလေးမှာ မကြုံစဖူး ထူးထူးကဲကဲ ရေကန်တွေ ခြောက်သွေ့ အက်ကွဲကုန်ပြီး ကန္တာရ မြင်ကွင်းတွေလို ဖြစ်ကုန်ပြီ။ အသက် ၆၀ အရွယ် လူတစ်ယောက်ကဆို ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး၊ ပူတာရော၊ ရေပြတ်တာရော ဒါ အဆိုးဆုံးပဲ လို့ ပြောနေတယ်။
ဒီလိုဆိုတော့ အသံတွေ နည်းနည်း ထွက်လာတော့တာပေါ့။ ဒုက္ခရောက်လာတဲ့ ပြည်သူတွေ အသံထွက်လာပြီဆိုရင် အရင်ဆုံး ရောက်လာနေကျဖြစ်တဲ့ ပြည်သူ့အကူအညီပဲ အရင် ရောက်လာတယ်။ ရေဖူလုံတဲ့ ဒေသတွေက ပြည်သူတွေ အချင်းချင်း စုစည်းပြီး ရေပြတ်လပ်နေတဲ့ ဒလသူ ဒလသားတွေအတွက် ရေတွေကို ကားတွေပေါ် နည်းအမျိုးမျိုးနဲ့ တင်ပြီး လှိုင်သာယာတံတား က တဆင့်ဖြစ်ဖြစ်၊ စဥ့်အိုးတန်း ကူးတို့ဆိပ်ကနေ ကားကူးဇက်တွေနဲ့ တိုက်ရိုက်လာပြီးပဲ ဖြစ်ဖြစ်၊ အရောက်လာပြီး ရေတွေ လှူကြတယ်။ နာဂစ် ကာလတုန်းကလို မြင်ကွင်းမျိုး ခပ်ဆင်ဆင် ပြန်တွေ့နေရသလိုပါပဲ။ ပြည်သူ အချင်းချင်း ရိုင်းပင်းကြ၊ ကူညီကြ၊ စာနာကြပေါ့။ တချို့ကားတွေက ရေသန့်ဘူးတွေ အပြည့်တင်၊ တချို့ကားတွေကတော့ ပလပ်စတစ်ရေပုံးတွေ အပြည့်တင်၊ တချို့ကားတွေကတော့ ရေတိုင်ကီတွေတင်၊ တချို့ကတော့ ရေကားကြီးတွေနဲ့ပေါ့။ တစ်လမ်းဝင် တစ်လမ်းထွက် ရေပေးဝေနေလိုက်တာ တစ်အိမ်ထောင် ရေဘယ်နှစ်ပုံးဆိုပြီး ဝေတဲ့ရေကို တန်းစီပြီး ယူကြတဲ့ မြို့သူမြို့သားတွေအနေနဲ့လည်း ပင်ပန်းတယ် မထင်တော့ဘဲ စိတ်တွေ ချမ်းသာနေတယ်။
ဒီလို သတင်းမျိုးတွေနဲ့ လှုပ်လှုပ်ရှားရှားလေး ရှိလာပြီဆိုရင် ထုံးစံအတိုင်း တချို့ကတော့ ပေါ်ပင်လိုက်ပြီး ရေအလှူကားလိုက်စီးတာမျိုးတွေ၊ သတင်းယူဖို့သက်သက် လိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဘက် အကျိုးရှိစေတယ်ဆိုရင်တော့ ဘယ်လိုပဲလိုက်လိုက်ပါ။ ပြောစရာ မရှိပါဘူး။ ပြောချင်တာက ဒီလို ရေအလှူမျိုးကို သာဓုခေါ်ပါတယ်။ ဒီလို မွန်မြတ်တဲ့ အလှူမျိုးကို ရေရှည် ထိန်းသိမ်းထားနိုင်မယ် တစ်နည်းအားဖြင့် နောက်တစ်ခါ ဒီလို ရေဒုက္ခ မဖြစ်ရအောင် ကူညီနိုင်မယ်ဆိုရင် ပိုပြီး သာဓုခေါ်စရာ လုပ်ဆောင်ချက်ပေါ့။ ဥပမာအားဖြင့် ရေကန်တွေ ပိုနက်အောင် ပိုကျယ်အောင် တူးတဲ့ နေရာမှာ ဝိုင်းဝန်းကူညီပေးတာမျိုး၊ သွယ်တန်းထားပြီး မှန်မှန်မရတဲ့ ပိုက်ရေ မှန်မှန်ရနိုင်အောင် သက်ဆိုင်ရာ လူကြီးတွေနဲ့အတူ ကြိုးပမ်းပေးတာမျိုးပေါ့။
ဘာပဲပြောပြော အခုဆို မိတ်ဆွေတွေ အပေါင်းအသင်းတွေက တခုတ်တရ သတင်းတွေမေးကြပါတယ်။ အနည်းလေး နင်ရေချိုးလာရဲ့လားလောက်တော့ မေးပြီး ကျမကို ဂရုတစိုက် ပြုပေးကြပါပြီ။ ရေမရှိရင် သူတို့အိမ် လာချိုးပါ၊ အဝတ်တွေ လာလျှော်ပါလို့ ပြောပေးတဲ့သူတွေလည်း များပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေ စုပြီး တနိုင် ရေကားတွေ စုငှားပြီး ရေလာလှူတဲ့ မိတ်ဆွေတွေကလည်း လာခါနီးဆို သတိတရ အသိပေးကြပါတယ်။ တကယ်ကို ကြည်နူးစရာ ကောင်းပါတယ်။ ချစ်စရာ ကောင်းတဲ့ လူမှုရေး စိတ်ဓာတ်လေးတွေဆိုတာ ဒီလို အခက်အခဲကြုံရချိန်ဆို အဆိုးထဲက အကောင်းလေးလို ပေါပေါများများ မြင်ရတတ်တဲ့ အရာတွေပေါ့။ မြန်မာတို့ရဲ့ လူမှုရေး စိတ်ဓာတ်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ် နာဂစ်ကာလများတုန်းက ကမ္ဘာကတောင် အသိအမှတ်ပြု မှတ်ကျောက်တင်ခဲ့ရတဲ့ စိတ်ဓာတ်ပေါ့။ အဲဒီ စိတ်ဓာတ်လေးတွေကို မြင်ရတဲ့အချိန်မျိုးတွေဆိုတာ တကယ့်ကို ကပ်ဆိုက်သလို ကြုံရတဲ့ အခါမျိုးတွေ ဖြစ်နေတော့ တကယ်ကို ဝမ်းနည်း ဝမ်းသာပါပဲ။ နောင်နှစ်တော့ ဒီလို ရေဒုက္ခမျိုးကို ရှောင်လွှဲနိုင်ရပါလို၏ ဆိုတာ မြန်မာနိုင်ငံထဲက ရေဒုက္ခသည်တွေ အားလုံးရဲ့ တူညီသော ဆုတောင်းပေါ့။

မှတ်ချက် - အခုရေးထားတဲ့ အချက်တွေက ဒလမြို့ အပြင်ပန်းရပ်ကွက်တွေက မြင်ကွင်းတွေလို့ ပြောလို့ရပါတယ်. ။ ဟိုးအတွင်းပိုင်းတော်တော် ကျတဲ့ ရပ်ကွက်လေးတွေမှာဆို ဒီထက် အဆများစွာ ပိုဆိုးတဲ့ မြင်ကွင်းတွေကို ကျမ မြင်ခဲ့ရပါတယ်။ ဒလသူ လုပ်နေပြီး မရောက်ဖူးသေးတဲ့ ဒလနယ်မြေတွေ အများကြီး ရှိနေတာ သိလိုက်ရပြီး ရေလာဝေရင်တောင် ယူထားဖို့ ရေထည့်စရာ မရှိတဲ့ အိမ်ထောင်စုတွေကို တွေ့ရတာ ရင်နာစရာ ..။ မြန်မာပြည်မှာ ဒီလို အခြေအနေမျိုးတွေ ရှိနေဆဲဆိုတာ ဘယ်သူတွေ သိအောင် လုပ်ရမလဲ စဉ်းစားစရာလည်း ကောင်းသွားတယ်။

Sunday, April 25, 2010

နင်နဲ့ငါ

ခဏလေးပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်နေလိုက်ဖို့အရေးတောင်
ငါတို့နှစ်ယောက်ကြား ဘာအတားအဆီးတွေ ရှိနေရပြန်သလဲ

တစ်ဖက်သတ်ရှိနေတဲ့ သစ္စာတွေနဲ့ ငါကတော့
အရူးတစ်ပိုင်းလား နှစ်ပိုင်းလားတောင် မသိတော့ဘူး

ပျော်ရွှင်မှုတွေချည်း ထုတ်ပိုးထားတယ် မှတ်ပြီး ဈေးကြီးကြီး ပေးဝယ်လိုက်တာ
အဲဒီ အလွမ်းတွေက လက်ထဲရောက်မှ ဇာတိပြတယ်

နေ့တိုင်း ညတိုင်း မြင်ချင်လာတဲ့ထိ လောဘတွေ တက်လာပြီးတဲ့နောက်မှာ
ဖုန်းကြိုးကတဆင့် ဖြတ်ပြေးလာမယ့် အားအင်လေးတောင် မရခဲ့ပြန်ဘူး

နင်ရှိတဲ့ အရပ်မှာ ငါရှိမနေနိုင်တာကလည်း
ရင်ကို အခါခါ ခြောက်လှန့်တဲ့ ကျိန်စာ

တော်ပါပြီကွယ် ငါ့မလဲ အဲဒီစကားလုံးတွေနဲ့ပဲ အလူးအလိမ့်ခံစားလို့
နင့်ကိုပဲ အားအားရှိ လွမ်းနေရ
နောက်ဆုံးတော့ ကံကြမ္မာ သတ်မှတ်လိုက်ပုံများ
မခွဲနိုင်တဲ့ ငါကပဲ အပြန်လမ်းတွေမှာ ငိုယိုစေတော့တဲ့လေ။

Saturday, April 10, 2010

အတင်း မက်ခဲ့တဲ့ အေပရယ် အိပ်မက်တစ်စုံ



အိပ်မက်လှလှလေးတစ်ခုရဖို့ နည်းအမျိုးမျိုး ကြိုးစားလိုက်ရတယ်

နောက်ဆုံးတော့ ကျွန်မရဲ့ အိပ်မက် အပိုင်းအစလေးတစ်ခုကို

သူ့ လက်ထဲအရောက် ပို့နိုင်ခဲ့တယ်

တစ်ခုပြီးတစ်ခု နီးကပ်လာတဲ့ မိုင်တိုင်တွေနဲ့ အတူ ရင်တွေခုန် ကြည်နူးလို့

အဲဒီ ကာလမျိုးဆို အပြန်ခရီးဆိုတာ ဘယ်တော့မှ မတွေးချင်တဲ့ စိတ်ကူးပေါ့

နီယွန် မီးရောင်တွေ အောက်မှာ မနက်ခင်းက ရောက်ခဲလှပြန်သေး

သူ့မျက်ဝန်းတွေထဲ ခိုနားချင်လှတဲ့ စိတ်ကလည်း ပူပူလောင်လောင်နဲ့

မျှော်ခဲ့ရတဲ့ ၃ - ၄ နာရီတွေရယ်

၁ဝ နာရီလောက် အတူရှိနေနိုင်ဖို့ ၁ဝ နှစ်လောက် စောင့်နေရသလိုပါပဲ

နေခြည် ရောင်စဉ်ဖြာ မနက်ခင်းလေး ဆိုတဲ့ သီချင်းလေးအတိုင်း

ကျွန်မရဲ့ ချစ်လှစွာသော နေခြည်က

ရောင်စဉ်ဖြာ မနက်ခင်းလေးနဲ့အတူ ရောက်လာပါတယ်

သူ့ရဲ့ တနွေးတထွေး ကျောပြင်ပေါ် ပါးအပ်ရင်း ဘုရားတရားတောင် မေ့နေတဲ့အထိ

အချိန်တွေကို ဆွဲရပ်ထား ပစ်လိုက်ချင်တာပါ

အိပ်မက်တချို့လာဖွင့်ပြတဲ့ ကျွန်မကို တခါတလေ

သူက ချောင်ပိတ်မေးခွန်းတွေနဲ့ တိုက်ခိုက်တတ်သေး

ငါ မင်းရှေ့မှာ လာဒူးထောက်တာပါ နေခြည်ရယ် လို့

သူ့ မျက်နှာကို တည့်တည့်ကြည့်ပြီး မပြောရဲသေးသရွေ့

နေညိုချိန်တွေက ကြောက်စရာ အကောင်းဆုံး ဖြစ်နေတယ်

သူ့ ကျောပြင်မှာ မှီတွယ်ရင်း ခိုးကျမိတဲ့ မျက်ရည်တွေကလည်း လေသလပ်လို့ ကုန်တာပါပဲ

တစ်ချိန်ကျ အားလုံး အငွေ့ပျံ ခြောက်သွေ့သွားမှာ သေချာနေတယ်လေ

အလာခရီးနဲ့ အပြန်ခရီးဆိုတာ ၂၄ နာရီပဲ ခြားတာ မှန်ပေမဲ့

ကောင်းကင်ဘုံနဲ့ ငရဲပြည်လို ကွာခြားလို့

အဲဒီ အပြန်ခရီးရဲ့ အထီးကျန်မှုက ခြောက်ခြားစရာအတိပဲကွယ်

နောက်နေ့ သူငယ်ချင်းက မေးတယ်

Good memory ပါပဲလို့ ပြုံးပြုံးရယ်ရယ်ပဲ

ကျွန်မရဲ့ တနင်္ဂနွေ ခပ်ဆန်ဆန် အေပရယ် အိပ်မက်လေး အကြောင်း ပြောပြလိုက်တယ်။ ။


7th April 2010 (Wed)
At home

Sunday, April 4, 2010

အေပရယ် အိပ်မက် ၅ ရက်မြောက်တဲ့အခါ ..

အဲဒီနေ့ကို တစ်လောကလုံး ကောင်းချီးပြုကြပါ

ချီးမြှောက်မှု အသံတွေနဲ့ ကောင်းကင်တခွင်လုံး လင်းလက်သွားပါစေ

မေတ္တာဓာတ်တွေနဲ့ ခြယ်သထားတဲ့ အဲဒီ ၅ ရက်မြောက် အခါဟာ

ဒီကမ္ဘာ လောကတစ်ခုလုံးမှာ ပြက်ထင် တောက်ပမှု အရှိဆုံး ဖြစ်ပါစေ

အဲဒီနေ့မျိုးမှာ သူ့ထံပါးကို ပူပင်သောကတွေ မြူတစ်မှုန်မျှ မချဉ်းကပ်ရပါ

အဲဒါ သူ့အပြုံးတွေ အတောက်ပဆုံး ဖြစ်နေရမယ့် နေ့ …

ဘုရားပေးတဲ့ လက်ဆောင်တွေ တပွေ့တပိုက်နဲ့ ကြည်နူးပီတိတွေ ဖြာဆင်းနေရမယ့်နေ့

အေးငြိမ်းမှုတွေနဲ့ သာသာယာယာ တေးဆိုရမယ့်နေ့ ဖြစ်တယ်

ဘလက်ဆင်း တေးသံတွေ ဝေဆာနေတဲ့ အဲဒီ ၂၄ နာရီ မှာ

သူ့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ နတ်သမီး တောင်ပံ ခတ်သံတွေ ဝေဆာလို့

ဖြူဖြူစင်စင် ငြိမ်းချမ်း ကြည်လင်စွာနဲ့ သူ့ ထံပါး ခစားနေရမယ်

မိခင်တစ်ဦးနဲ့ ဖခင်တစ်ဦးတို့ မေတ္တာသက်သက် ပျိုးခဲ့တဲ့ မျှော်လင့် သစ်ပင်လေးတစ်ပင်

အစွမ်းကုန် ဝေဆာနေဖို့ အမှတ်တရ အဖြစ်ဆုံး ဒီနေ့မှာ

အဲဒီ သစ်ပင်လေး သူဟာ တစ်လောကလုံးရဲ့ အရှင်သခင် ဖြစ်တယ်

အဲဒီနေ့ရဲ့ အရှင်သခင်ဟာ သူပဲ ဖြစ်လို့

စကြာဝဠာတစ်ခုလုံးရဲ့ ရှိသမျှသော ပျော်ရွှင်ဖွယ် ပီတိနဲ့ ပျိုမြစ် လန်းဆန်းမှု အပေါင်းဟာ

သူ့ ခြေရင်းထံ ယနေ့မှ နှစ်တစ်ရာတိုင်အောင်

အမြဲ ဝပ်တွား ခညောင်းနေပါစေသား။ ။

Thursday, March 11, 2010

ဆန်းပြား ခေတ်မီ .. အပန်းပြေမှုတွေနဲ့ နေပြည်တော် ရေပန်းဥယျာဉ်


နေပြည်တော်ကို အလည်ရောက်ခဲ့တဲ့ အားလပ်ရက် စနေ တနင်္ဂနွေ ခရီးမှာ ရောက်ရောက်ချင်းနေ့ စနေ့ နေ့မနက်မှာ ၂၀၀၈ နိုဝင်ဘာ ၁၉ က တစ်ခေါက် ရောက်ခဲ့တဲ့ တိရစ္ဆာန်ဥယျာဉ်ကို ဒုတိယအကြိမ် အဖြစ် သွားလည်ခဲ့ပါတယ်။ တိရစ္ဆာန် ဥယျာဉ်အကြောင်းကတော့ ကျွန်မရဲ့ အရင်ပို့စ်တစ်ခု ဖြစ်တဲ့ နေပြည်တော် တစ်ရက်တာခရီး မှာ တော်တော်လေး ရေးပြီးပြီမို့ ဒီတစ်ခါ ထပ်ရေးချင်တာက ပြန်ကာနီး အပန်းဖြေရောက်ရှိခဲ့တဲ့ ရေပန်းဥယျာဉ်အကြောင်းပါ။

အဲဒီ ရေပန်းဥယျာဉ်က နေပြည်တော် မြို့တော်ခန်းမ အနီးလေးမှာ ရှိပြီး ဘောဂသီရိကားဝင်းနဲ့ဆို ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက် မောင်းရပါတယ်။ ဥယျာဉ်ဝင်ကြေးက လူတစ်ယောက် ၂ဝဝ ကျပ်နဲ့ ဆိုင်ကယ်ဝင်ကြေး တစ်စီးကို ၁ဝဝ ကျပ်ပဲ ပေးရလို့ အတော်လေး သက်သာတဲ့ နှုန်းထားလို့ ဆိုနိုင်ပါတယ်။

အတွင်းမှာက ကျောက်စီလမ်းလေးတွေ၊ စိမ်းလန်းတဲ့ မြက်ခင်းတွေ၊ ပန်းပွင့် လန်းလန်းလတ်လတ်တွေနဲ့ တကယ် စိတ်လက် အပန်းပြေစရာ နေရာလေးပါ။ ပိတ်ရက်မို့လား မသိ၊ တဖွဲဖွဲ လာလိုက်တဲ့ အပန်းဖြေ ပြည်သူတွေကလည်း မနည်းလှ။ အားလုံး ပြုံးပျော်ကြည်နူးနေတာ မြင်ရတော့ ကျွန်မလည်း အလိုလို ပျော်လာတယ်။

ရေတံခွန်ကို ချစ်တဲ့ ကျွန်မတို့လို ပြည်သူတွေ အတွက် လျှပ်စစ်အားနဲ့ ဖန်တီးပေးထားတဲ့ ရေတံခွန်လေးကလည်း အထဲထိ ဝင်နိုင်တဲ့ ဂူပေါက်လမ်း စိုထိုင်းထိုင်းလေးနဲ့မို့ အေးစိမ့် ကြည်နူးဖွယ် ခံစားမှု အသစ်တမျိုး ရစေပါတယ်။ ဒေသခံတွေရော၊ အနယ်နယ်က ကျွန်မတို့လို အလည်လာသူတွေပါ စိတ်အေးလက်အေး အပန်းပြေစေအောင် လုပ်ပေးထားတဲ့ ရေကန်ကြီးကလည်း တမျှော်တခေါ်နဲ့ ။ ရေတံခွန် အသေးစားလေးတွေကြားမှာလည်း လမ်းလျှောက်နိုင်သေးတယ်။

ရေကန်ထဲ ရေကစားရင်း မောလာရင် တစ်ခုခု စားဖို့ သောက်ဖို့ အသင့်ရနိုင်တဲ့ ဆိုင်လေးတွေလည်း အဆင်သင့်ဆိုတော့ အားလုံး အဆင်ကို ပြေလို့ပေါ့။ ရေကန်နားက ကျောက်စီလမ်းကနေ ရေပန်းဥယျာဉ်ရဲ့ အဓိက နေရာ ဖြစ်တဲ့ ရေပန်းရင်ပြင်ကို သွားဖို့ ကြိုးတံတားလေးကို ဖြတ်လျှောက်ရပါတယ်။ ကြိုးတံတားတွေ လျှောက်ရတာ ကြောက်တတ်တဲ့ ကျွန်မတောင် အဲဒီ ကြိုးတံတားကို ပျော်ပျော်ရွှင်ရွှင် ဖြတ်လျှောက်ဖြစ်ခဲ့ပါတယ်။ ဖြတ်ပြီး ရေပန်းရင်ပြင်ကို ရောက်တော့ ရေပန်းကကွက်တွေ ကြားမှာ မြူးမြူးကြွကြွ သံစဉ်တွေနဲ့အတူ စိတ်တွေ ပေါ့ပါးသွားလိုက်တာ။

ပြီးတော့ လိုက်ပို့တဲ့ နေပြည်တော်သား မိတ်ဆွေ ပြောပြောနေတဲ့ ရေပန်းရုပ်ရှင်ဆိုတာ ဘာမှန်းမသိသေးတဲ့ ကျွန်မအတွက် ရေပန်းတွေ အားလုံး စုပေါင်းပြီး Projector Screen ကြီးလို ဖြစ်သွားတဲ့ အချိန် - အံ့ဩမှု လန်းဆန်းမှုတွေနဲ့ မြူးကြွတဲ့ တေးသီချင်းတွေကို ရေပန်းကားချပ်ကြီးပေါ်မှာ ရင်သပ်ရှုမော ကြည့်ရှုခဲ့ရတယ်။ ခေတ်နောက်ကျတယ်ပဲ ပြောပြော ဒါမျိုးက ဒါပထမဆုံး တွေ့ဖူးတာပါ။ ဒါပေမဲ့ ရောက်ဖြစ်အောင် လိုက်ပို့တဲ့ မိတ်ဆွေကို ကျေးဇူးတင်ကြောင်း မပြောရသေးဘူး။

ဘာပဲ ပြောပြော အဲဒီ ရေပန်းဥယျာဉ်ရဲ့ ဆန်းပြား ခေတ်မီ အပန်းပြေစရာ အငွေ့အသက်နဲ့ ကျွန်မရဲ့ ရန်ကုန်အပြန်ခရီးဟာ လန်းဆန်းခဲ့ရတာ အမှန်ပါပဲ။ နေပြည်တော် လမ်းမကျယ်တွေကို လွမ်းကျန်ခဲ့ရတာပဲ ရှိပါတယ်။

Wednesday, March 10, 2010

ချစ်သူရဲ့ ကိုယ်သင်းရနံ့နဲ့ ဖြာဆင်းနေတဲ့ ည ..

မြူပါးပါး ဖုန်ပါးပါး မျှော်လင့်ခြင်းများများ ..

အဲဒီညကိုက အလိုလို မျှော်လင့်ချင်စရာ ကောင်းနေတာ

အခန်းပြင်မှာ လက်ဖြာနေတဲ့ နီယွန် ရောင်စဉ်တွေထဲ

ချစ်သူရဲ့ ရနံ့က ပါးလျ ညံ့သက်စွာ ကပ်ညိလို့

တစ်နေ့လုံး မက်ခဲ့ရတဲ့ အိပ်မက်ထဲ တွယ်ငြိ ပျော်ဝင်

လှလိုက်တဲ့ နေရောင်ဖြာ နေ့ခင်းလေးရယ်..

ကြည်နူး .. သာယာ .. ရီဝေ .. ယစ်မူး ..ရှတ

သောင်းခြောက်ထောင်မက ခံစားမှုတွေကြားက

မေတ္တာ အလွှာပါးပါးလေးနဲ့ သူ့ပခုံးကို ခြုံသိုင်းထားလိုက်တယ်

အနားမှာ ဘာမှ မရှိတော့သလို .. ဘာမှ မကြားနိုင်တော့သလို ..

ခဏလေးပေါင်းများစွာ ဆွံ့အ .. တိတ်ဆိတ် ငြိမ်သက်ခဲ့ရသေး

ဒီလို မှော်ဆန်တဲ့ စက္ကန့်တွေက လက်ချိုးရေလို့လည်း ရပါရဲ့

ကြည်ကြည်နူးနူး ဖွဲ့ဖွဲ့ဆိုဆို စကားလုံးတွေနဲ့ အလွမ်းက တထိုင်တည်း လှပသွားပါရော

တကယ်ကို လွယ်လွယ်ကူကူ ယုံကြည်လိုက်စရာ မကောင်းတဲ့ ပစ္စုပ္ပန်မှာ

ချစ်တယ်ဆိုတဲ့ စကားကို မင်းနဲ့ကျမှ အထပ်ထပ် ပြောပြချင်နေသေးတယ်

အခုလည်း မျှော်လင့်ခြင်း ဖတ်စာအုပ်ထဲ အဲဒီ ပစ္စုပ္ပန်က လိမ့်လဲ့ကျ

တထိန်ထိန် နီယွန် မီးရောင်ကြားမှာ "ချစ်သူနားမှာ" ဆိုတဲ့ သီချင်းလေးကို ညည်းဆိုရင်း

ဘဝဆိုတာ နေပျော်စရာ ဖြစ်နေပြန်တယ်

ဘာမှ မလိုဘူး

သူ့ရယ်သံလေး အရှင်လတ်လတ် ကြားနေရရင် ..

သူ့ အပြုံးလေး အချိန်မဆိုင်း တွေ့နေရရင် ..

ကမ္ဘာကြီးကိုက နေပျော်စရာ ဖြစ်နေတာ ခက်တယ် ။။။။။။။။

6th March 2010
10:00 pm (NPT)

Sunday, February 28, 2010

နွားခြေရာခွက်ထဲကည

ငါက
လမင်းကြီးပဲမြင်လို့…
မရိပ်မသိမ်းနိုင်အသက်ရှုသံတွေနဲ့
ညအသေတွေထဲမျောပါ
သက်ပြင်းလည်းချရပြန်ပြီ။

မော်ဖူးစရာမျက်ဝန်းတွေကလည်းဝေးနဲ့
ညတွေသေတာမဆန်းဘူး။

ပြိုးကနဲပြက်ကနဲ…
မျက်စိတွေကျိန်းလိုက်ရတာ
သူ့စကားတစ်ခွန်းကိုအမှတ်ရလိုက်တဲ့ခဏ
``သူ့မျက်ဝန်းလေးနေရီရီ
မကြာခင်ပြောခွင့်ရတော့မည်´´ တဲ့
……………..

အဲဒီလိုနဲ့ငါ့မှာ
ပျော်လိုက်ဖို့အရေးတောင်
ဘာကိုအားနာမိမှန်းမသိ
အူကြောင်ကြောင်။

မိုးတွေလည်းရွာခဲ့ပြီးပြီ
ခုငါတို့မြို့လေးမှာ
မြူတွေဆိုင်းနေတယ်။ ။

Saturday, February 27, 2010

စိတ်သောကများနဲ့ တစ်စုံတစ်ရာသော ထွက်ပေါက်များ

လူတွေ ရှင်သန်နေထိုင်ရတဲ့ လောကကြီးမှာ ပူလောင် ရှတစရာ ပြင်းပြတဲ့ ခံစားချက်တွေက အများသားပါ။ ဥပမာ - ရုံးသူ ရုံးသားတွေက တစ်နေ့ တစ်နေ့ ရုံးကို အချိန်မီမရောက်မှာ ပူရ၊ ကျောင်းသား ကျောင်းသူတွေက အိမ်စာ မလုပ်လို့ ဆရာ ဆူမှာ တွေးပြီး ပူရ၊ ကိုယ်ပိုင်ကား မစီးနိုင်တဲ့ သူတွေက ဘတ်စ်ကား မမီမှာ စိုးလို့ ပူရ၊ မီရင်တောင် ထိုင်စရာ ထိုင်ခုံလေးမှ ရပါ့မလားလို့ တွေးပူရ၊ ကိုယ်ပိုင်ကား စီးနိုင်သူတွေကျတော့လည်း ကားပါကင်ရပါ့မလား၊ ရရင်တောင် နေရာကောင်းလေး ဟုတ်ပါ့မလားလို့ ပူပင်ရ ဆိုတဲ့ ကိစ္စတွေက စလို့ ကိုယ့်မိသားစုဝင် ဒါမှမဟုတ် ကိုယ် သိပ်ချစ်တဲ့သူ တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ပူလောင်ရ၊ ကိုယ်တိုင် သေခြင်းတရားနဲ့ ကြုံရတော့မယ်ဆိုတာ အသေအချာ သိထားရလို့ ပူလောင်ရ၊ အဲဒီလို ပူပင်သောကတွေနဲ့ တစ်နေ့ တစ်နေ့ လုံးပမ်း နေထိုင်နေရတာ။
အဲဒီ ပူပင်သောကတွေကို တစ်ခုချင်းစီသာ လိုက်ပြီး ဖော်ပြနေရမယ်ဆိုရင် စွယ်စုံကျမ်းကြီး ကျမ်းငယ် အစောင်စောင်နဲ့တောင် ပြီးမှာ မဟုတ်ပါဘူး။ အဲဒီလို ခံစားမှု၊ ပူလောင်မှုတွေကြောင့် သောကမျိုးစုံ ဖြစ်ရတယ်။ သောကတွေက သတိတရား မရှိနိုင်ရင် စိတ်ထဲ လောင်တယ်။ ဖွဲမီးလို တမြေ့မြေ့ လောင်တာမျိုးလည်း ရှိတယ်။ မီးတောက်ကို လောင်စာဆီ ဖျန်းလိုက်သလို ဟုန်းခနဲ လောင်တာမျိုးလည်း ရှိတယ်။ ခဏလေး လောင်လိုက်တာ၊ ရက်ရှည် နှစ်ရှည် လောင်နေတာ စသဖြင့် သောက အကြီးအငယ် အလိုက် လောင်နည်းပေါင်းစုံ လောင်ကြတာပေါ့။
ဘယ်လိုပဲ ဖြစ်ဖြစ် သောက ဖြစ်လာပြီ ဆိုတာနဲ့ လူက ပုံမှန်နေထိုင်နေကျ သမားရိုးကျ ဘဝပုံစံထဲမှာ ဟန်မပျက် နေနေရရင်တောင် ရင်ထဲမှာ အပူလုံးကြွနေတော့ မျက်နှာသွင်ပြင်က သောက ကင်းတုန်းကလောက်တော့ ကြည်လင် ဝင်းပ မနေမှာ သေချာတာပေါ့။
အဲဒီလို အခြေအနေမျိုးဆို ကျွန်မတို့မှာ ရွေးချယ်စရာ နှစ်မျိုး ရှိတယ်။ အဲဒီ သောကကို မွေးမြူမလား၊ သတ်ပစ်မလား၊ သောကကို မွေးမြူတဲ့သူဆိုတာ အဲဒီ သောကနဲ့ ဖက်တွယ်နေထိုင်သူ၊ သောကကို မကြီးကြီးအောင် အဖန်တလဲလဲ တွေးတော ပူလောင် တွေဝေနေတာ။ သောကကို သတ်ပစ်တယ်ဆိုတာကတော့ အရင်ဆုံး အဲဒီသောကကို တည့်တည့်ကြည့်ပြီး အဖြေတစ်ခု ထွက်အောင် ကြိုးစားခြင်းပါ။ တစ်ခုရှိတာက အဲဒီ အဖြေဟာ အပေါင်းလက္ခဏာ ဆောင်နေရပါမယ်။ သောကက အမြစ်ပြတ်သွားရပါမယ်။ နောက်သောက အသစ်တွေလည်း ပွားမကျန်ခဲ့ရပါဘူး။
များသောအားဖြင့်တော့ ကျွန်မတို့လို တရားဘက်မှာ ပါရမီနည်းသေးသူတွေ၊ စိတ်ဓာတ် အင်အား နည်းပါးသေးသူတွေက သောကကို မသိလိုက် မသိဘာသာ မွေးမြူထားမိတတ်သွား ကြတယ်။ တစ်ခါတလေ သောကဆိုတာ မရှိရင်တောင် ပျင်းနေသလို ခံစားမိတတ်ကြသေး။ အဲဒီလို အခါမျိုးဆို စိတ်ကလေး အေးချမ်းနေတာကို ဖျက်လိုဖျက်ဆီးနဲ့ နီးစပ်ရာ သောကတစ်ခုခုကို ဆွဲယူ မွေးမြူမိတတ်ကြတယ်။ အချိန်တန်လို့ အိမ်ပြန်လာမယ့်သူကို အိမ်ကနေ ထိုင်စိတ်ပူပြီး ဟိုဟိုဒီဒီ လျှောက်တွေး၊ သောကတွေ ပွားနေလိုက်တာ၊ ကိုယ့်အိတ်ထဲက ပိုက်ဆံတွေကို ဘယ်သူများ ခိုးဝှက်သွားမလဲ၊ လုယူသွားမလဲ၊ ခါးပိုက်နှိုက်ခံရတော့မလား ဆိုပြီး ပိုက်ဆံအိတ်ကြီး ဖင်ခုထိုင်ပြီး သောကပွားရောက်နေရတာ၊ အဲဒါမျိုးတွေပေါ့။
အဲဒါက မလိုအပ်တဲ့ သောကတွေရဲ့ ကြိုးကိုင်ခြင်း ခံရတဲ့ သဘောပါ။ တကယ်တမ်းက အနတ္တဆိုတဲ့ သဘောကြောင့် ကိုယ်တိုင် ဘာကိုမှ မတတ်နိုင်ပါဘူး။ လောကကြီးကို မပြုပြင်နိုင်ပါဘူး။ ဖြစ်လာမယ့် ကံကိုရှောင်လွှဲလို့ မရနိုင်ပါဘူး။ အဲဒါကြောင့် ဒါတွေက မလိုအပ်တဲ့ သောကတွေလို့ ပြောလို့ရတာပေါ့။ ကိုယ်ဟာ ကံကြမ္မာကို ပြုပြင်ဖန်တီးနိုင်စွမ်း မရှိဘူး၊ ဒါပေမဲ့ ကြုံလာမယ့် ကံကြမ္မာကိုတော့ အကောင်းဆုံး ဖြစ်အောင် ရင်ဆိုင်မယ်လို့ပဲ အနည်းဆုံးတွေးထားလိုက်ရင် ရပါပြီ။ အဆိုးတွေချည်း တွေးနေလို့လည်း မဟုတ်သေးသလို အကောင်းတွေချည်း စဉ်းစားနေလို့လည်း မျှော်လင့်တာတွေက ဖြစ်ခဲပါဘိနဲ့။ အဆိုးတွေ ကြုံရချိန်မှာ ကြိုမပြင်ထားမိတော့ စိတ်နှလုံးကို ပြင်းပြင်းထန်ထန် ထိတတ်လို့ပါ။ အဓိကကတော့ စိတ်ထားတတ်ဖို့ရယ်။ မလိုအပ်တဲ့ သောကတွေ မလာနိုင်အောင် ကိုယ့်စိတ်ကို ကိုယ် အမြဲသိနေဖို့ရယ်ပါပဲ။
မလိုအပ်တဲ့ သောကတွေကြောင့် လူကို လောင်မီးကျစေပါတယ်။ အဲဒီတော့ သောကအပူ တွေက အတွင်းဘဝင်မှာ လောင်ချင်တိုင်းလောင်လို့ လူရဲ့ ရုပ်ဆင်းအင်္ဂါကိုပါ မှေးမှိန် ထိခိုက်စေတယ်။ သောကများတဲ့ သူတွေမှာ ခန္ဓာကိုယ်ရဲ့ အတွင်းတေဇောဓာတ် များလာလို့ ဆံပင်ဖြူလွယ်တာ၊ အသားအရေ လျော့ရဲလွယ်တာ၊ အိုမင်းလွယ်တာ၊ စတဲ့ ရုပ်ပိုင်းဆိုင်ရာတွေလည်း အများကြီး ထိခိုက် ပျက်စီးရတယ်။
အဲဒီတော့ မလိုအပ်တဲ့ သောကတွေရော၊ လိုအပ်တဲ့ သောကတွေရော ကိုယ့်စိတ်ထဲ ကြာကြာမနေနိုင်အောင် တတ်နိုင်သလောက် ကြိုးစားရမှာပေါ့။ စိတ်သောကကို ဖြေဖျောက်ဖို့က အစပိုင်းမှာ ခက်ခဲနိုင်ပေမဲ့ နောက်ပိုင်းအသားကျသွားရင်တော့ သောကလေး ဖြစ်ချင်လာတာနဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ စိတ်ထွက်ပေါက်ဆီ အလိုလို သွားမိလျက်သား ဖြစ်လာမှာ သေချာပါတယ်။
အဲဒီ စိတ်ထွက်ပေါက်က လူငယ်တွေအဖို့ဆို အလွယ်တကူ သီချင်းအော်ဆိုလိုက်တာ၊ ဂစ်တာတီးပစ်လိုက်တာ၊ အားကစား တစ်မျိုးမျိုးကို ပြင်းပြင်းထန်ထန် လုပ်ပစ်လိုက်တာ စတာတွေအပြင် Window Shopping ထွက်လိုက်တာတို့၊ သောကနဲ့ လုံးဝမသက်ဆိုင်တဲ့ တစ်နေရာရာမှာ လူမှုရေးကိစ္စတစ်ခုခုကို ထဲထဲဝင်ဝင် ပါဝင်လိုက်တာတို့၊ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စကားပြောလိုက်တာတို့ကလည်း သောကကို လမ်းလွှဲပေးနိုင်တဲ့ အရာတွေပါ။
လူကြီးတွေကတော့ သောကကို ရှောင်လွှဲဖို့၊ သတ်ပစ်ဖို့ တရားဓမ္မကို ပိုပြီး အားကိုးတတ်ကြတယ်။ စိတ်ထဲ ပူပန်စရာ တစ်ခုခု ရှိချင်လာတာနဲ့ ပုတီးကောက်စိတ်လိုက်တာမျိုး၊ တရားစာလေး ရွတ်ဖတ်နေလိုက်တာမျိုး၊ နောက်ဆုံး မေတ္တာပို့နေတာမျိုးတွေ လုပ်ပြီး စိတ်ထွက်ပေါက် (တစ်နည်းအားဖြင့်) စိတ်သက်သာရာ ရှာတတ်ပါတယ်။ တခြား ဘာသာဝင်တွေအနေနဲ့လည်း လူကြီးတွေက လူငယ်တွေထက် ဘာသာတရားကို ပိုပြီး ထွက်ပေါက်ပြု တတ်ကြတာ တွေ့ရပါတယ်။
အဲဒါက သောကဖြစ်လာရင် ကုသတဲ့ နည်းလမ်းတချို့ပေါ့။ ကာကွယ်တာဟာ ကုသတာထက် ပိုထိရောက်တယ် ဆိုတဲ့ စကားအရ အဲဒီသောကကို ကိုယ့်စိတ်ထဲ မလာနိုင်အောင် ကြိုတင် ကာကွယ်ထားလို့လည်း ရပါတယ်။ ပိုလုံခြုံစိတ်ချရတာပေါ့။ ကိုယ့်စိတ်ကို အမြဲရှင်းနေအောင် ထားတာ ဖြစ်ပြီး အမြဲမျက်ခြည်မပြတ် စောင့်ကြည့်နေတာမျိုးပါ။ ကိုယ့်စိတ်ကို ကိုယ်အမြဲမပြတ် ကြည့်နေနိုင်ရင် ကိုယ့်စိတ်အကြောင်း ကိုယ်သိလာနိုင်မယ်။ ကိုယ့်စိတ်က အားနည်းချက် တစ်စုံတစ်ရာ ဖြစ်သွားရင်လည်း ချက်ချင်းသိမယ်။ ချက်ချင်းသိတော့ ချက်ချင်း ပြင်ဆင်နိုင်မယ်။ ကိုယ့်စိတ်ထဲ ဖြစ်ပျက်နေတာတွေကို မကြာမကြာ ဆန်းစစ်နိုင်လေ ကောင်းလေပါပဲ။ အဲဒါမှ ပြင်စရာ ရှိတာပြင်ဆင်၊ ကာကွယ်စရာ ရှိတာ ကာကွယ်လို့ ရမယ်လေ။ မဟုတ်ရင်တော့ ကိုယ့်စိတ်ထဲ ပူလောင်သောကတွေက ဝင်ချင်တိုင်းဝင်လို့ ကြီးပြင်းလာကြဦးမယ်။ ကာကွယ်ရေး အစောင့်တပ်တွေ မရှိတဲ့ ခံတပ်ထဲ ရန်သူတွေ ဝင်နိုင် ဖျက်ဆီးနိုင်သလိုပေါ့။
နောက်တစ်ခုက စိတ်ကို ရောက်ချင်ရာရောက် ပေတေလေလွင့်နေအောင် လွှတ်မထားဘဲ အလုပ်ထဲမှာ ဖြစ်ဖြစ်၊ မေတ္တာသုတ်လို ဘုရားရှိခိုး တစ်မျိုးမျိုးထဲမှာဖြစ်ဖြစ် နှစ်မြှုပ်ထားတာလည်း မလိုအပ်တဲ့သောကတွေ ဝေးသွားနိုင်ပါတယ်။ တစ်ခုတော့ရှိတယ်။ ဘယ်အရာမှ အလွန်အကျွံ ဖြစ်တာ မကောင်းတဲ့အတွက် အလုပ်ကို တအားဖိစီးသွားအောင်တော့ မလုပ်မိစေနဲ့ပေါ့။ Relax ဆိုတာ နေ့တိုင်း ရှိရမယ်လေ။ အလုပ်သောကတွေ ဖိစီးချင်လာပြီဆိုရင် သီချင်းတစ်ပိုဒ်လောက်ဖြစ်ဖြစ် အော်ဆိုပစ်လိုက်ဖို့လည်း ဝန်မလေးပါနဲ့။ ပြီးတော့ စိတ်သောကတွေ ရောက်လာချိန်မှာ ကိုယ်ချစ်တဲ့ ကလေးငယ်လေး တစ်ယောက်နဲ့ စိတ်ပါလက်ပါ စကားပြောလိုက်ခြင်းဟာလည်း ထိရောက်တဲ့ သောကဖြေဖျောက်နည်းပါ။ ကလေးက စကားပြောတတ်စ အရွယ်၊ တီတီတာတာ လျှောက်ပြော တတ်တဲ့ အရွယ်လေးဆို ပိုကောင်းတာပေါ့။
အဓိကကတော့ ကိုယ့်စိတ်ကလေး ဘာတွေတွေးနေလဲ၊ ဘယ်တွေရောက်သွားပြန်ပြီလဲ စတာတွေကို မပြတ်ကြည့်နေတာက သိပ်ကိုထိရောက်တဲ့ သောက ဖြေဖျောက်နည်းပါ။ ဘာသာရေးတော့ ဆန်ရင် ဆန်နေပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကို လွှတ်မပေးဘဲ စောင့်ကြည့်ထားတယ် ဆိုတာမျိုးကလည်း ဘယ်ဘာသာဝင်မဆို လုပ်လို့ ဖြစ်တဲ့ ကိစ္စပါ။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲ ပူပင်လောင်မြိုက်တဲ့ သောကတွေ ပြေသွား၊ ပျက်သွားဖို့က အဓိကမဟုတ်လား။ အဲဒီတော့ သောကတွေ အဝေးရောက်သထက်ရောက်အောင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကြိုးစားပြီး ဘဝကို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်လိုက်ရအောင်ပေါ့။

23rd Feb 2010 (Tue)

Thursday, February 18, 2010

ငါ့ရဲ့ ချစ်လှစွာသော နီယွန်မီးလေးရေ…

18th February 2010
ငါ့ရဲ့ ချစ်လှစွာသော နီယွန်မီးလေးရေ…

မနက်ဖြန်ကို မျှော်နေမိပြန်ပြီကွယ်

ငါ အသင့်ပြင်ထားပါတယ်

ပျော်ရွှင်လိုက်ဖို့ .. ဝမ်းနည်းလိုက်ဖို့ .. မျှော်လင့်စောင့်စားလိုက်ဖို့ စတာတွေ ..။

ဒီ ရင်ဘတ်ထဲက နေရာလွတ်တစ်ခုနဲ့ မင်းကို မညှာမတာ လွမ်းနေတတ်တာပဲ ရှိတယ်

တကယ်ဆို ငါ့အချစ်ဆိုတာရော နည်းလမ်းတကျ ဖြစ်ခဲ့လို့လား

မနက်ခင်းတစ်ခုကို တစ်ဖတ်သတ် ဖန်တီးပစ်ခဲ့တဲ့ အချစ်

မရဏဖွားမှန်း သိသိနဲ့ ခြေစုံပစ် ရင်ခုန်လိုက်တဲ့ အချစ်

ရောင်စဉ်ဖြာ နေခြည်အောက်မှာ တနွေးတထွေး ခိုလှုံလိုက်တဲ့ အချစ်

အချစ် … အချစ် … အချစ် .. အဲဒါတွေပဲ ထပ်ကာထပ်ကာ ရွတ်ဆို

အဲဒီအချိန် ချစ်လှစွာသော နီယွန်မီးလေးကတော့ အိပ်မောကျနေပေါ့

ခုလည်း တစ်မြေ တစ်ရေတည်းဆိုတဲ့ အတွေးလှလှလေးနဲ့ ရင်တွေခုန်လို့

မနေ့ညကလည်း အိပ်မပျော်ပါဘူး နီယွန်လေးရယ်

မင်း ရဲ့ တစ်စိတ်တစ်ဒေသလေး ဖြစ်ချင်တဲ့ လောဘစိတ် ပါးပါးလေးကလည်း

ဒီနေ့မှ ငြိမ်သက်စပြုလာတယ်

အနားမှာ မင်း ရှိနေရင် ရပြီပေါ့

လောကကြီးကိုလည်း အလိုလို ကျေးဇူးတွေတင်နေမိ

မင်း ဘေးနားက တစ်စက္ကန့်ကို ရဖို့ ဘာကို စိန်ခေါ်ရမလဲ ပြော

တာဝန်ကြားက တစ်ခါတလေ လှမ်း သတိရပေးရင်တောင် တစ်ဘဝစာ နေပျော်လိုက်တဲ့ သူက ငါ။

ဒီနေ့လည်း နေရင်းထိုင်ရင်းကို တုန်လှုပ်နေတယ်

အဲဒီ ဖုန်းခေါ်သံကြောင့် ပြောပါတယ်

ရင်ဘတ်ထဲက မျှော်လင့်ခြင်းတွေက မနေနိုင် မထိုင်နိုင် …

အချစ်အတွက် အကြိမ်ကြိမ် အဖန်ဖန် မွေးဖွားရင်း နေသားတောင် ကျချင်လာပြန်တယ်

တခါတလေတော့လည်း ငါ့ ဘဝထဲ မခေါ်ချင်ဘူး နီယွန်လေးရယ်

ငါက မလင်းမချင်း ရှင်သန်ရတဲ့ ည အမှောင်လမ်း

အလင်းရောင်ကို အမြဲ ပြေးလွှား လိုက်ရှာရင်း နက်သထက် နက်လာတဲ့ ည

ဘာပဲ ပြောပြော မှောင်နေတာတော့ သေချာတယ်လေ

မင်းက ငါ့ နီယွန်အလင်း … ငါ့ရဲ့ မနက်ခင်း နေခြည် … ငါ့ရဲ့ လမ်းပြကြယ်

အလင်းတကာ့ အလင်းမှာ အလှဆုံး ခြယ်သထားတဲ့ အလင်းရောင်

ကဲ .. လောကကြီး ဘယ်လောက် ကျေးဇူးတင်စရာ ကောင်းလိုက်လဲ

ငါ့အတွက် မင်းကို သူ ဖန်ဆင်းပေးထားတယ်လေ

ချစ်လှစွာသော နီယွန်လေးရေ

ဘာလိုလိုနဲ့ နှစ်ကာလတွေတောင် ငါတို့ ပြက္ခဒိန်ပေါ် ရောက်လာပေါ့

မင်း ဘဝကို မှန်းဆကြည့်လို့ ရနေလျက်နဲ့

ငါက မသိချင်ယောင်ဆောင် အရူးတစ်ပိုင်း မျှော်တော်ဇောနဲ့ မောနေပြန်သေးတာ

ခပ်ဝေးဝေးက ကဗျာ တစ်ပိုင်းတစ်စက အချိန်မရွေး အသက်ဝင် ရှင်သန်နေရင်း

ငါ့ ရင်ဘတ်ထဲ တစ်သက်စာ ကိန်းအောင်းလို့ အမှတ်ရနေစရာ သစ်ပင်ငယ်တစ်ခုလို

အာရုံမှာ အခါခါ ကြွေကျ ပျက်စီးရင်း အခါခါလည်း သီးပွင့်ခဲ့ပါတယ်။

ချစ်စွာသော နီယွန်ရေ…

မင်း ရှိနေတာ သိနေရလို့ ငါ့ရဲ့ နေ့လေးတစ်နေ့ဟာ သည်းထိတ်ရင်ဖိုနဲ့ လှပလို့

တယ်လီဖုန်းလေး မြည်သံ ကြားလိုက်ရရင်

တည်တည်ငြိမ်ငြိမ် နေဖို့ မလွယ် ဆိုတဲ့ သီချင်းလေးလို ဖြစ်နေရသေး

ဘာပဲဖြစ်ဖြစ် အဲဒီ ဖုန်းကြီးနားမှာ တစ်နေ့တာ အချုပ်ကျခဲ့ရတဲ့ အမှတ်တရပေါ့

သိနေပါတယ် … မင်း အလုပ်တွေကြား ပင်ပန်းနေပြန်တယ် မဟုတ်လား

ဟောဒီ နေရောင်ခြည်ကိုက အလိုလို နွေးထွေးနေတာ

ပြီးတော့ မနက်ဖြန်ဆိုတာကိုလည်း မျှော်တလင့်လင့်နဲ့

ပန်းပွင့်ခြေသံတွေ ကြားယောင်နေပြန်တယ်လေ

ခုဆို စက္ကန့်တွေက စလို့ နားညည်းစရာ မီးစက်သံတွေထိ အားလုံး ရက်ရက်စက်စက်လှ

အဝေးက နီယွန်မီးရောင်လေး အနီးတစ်နေရာ ဖြာဆင်းလာချိန်

ဆူညံပွက်လော ရိုက်တတ်တဲ့ ဖုန်းမြည်သံကတောင် လရောင်တေးသွား ဖြစ်လို့

ငါ့ရဲ့ ညခင်းမှာ တထိန်ထိန် သာနေလိုက်ပုံများ…။

Sunday, February 14, 2010

ညနေတစ်ခုထဲက ပျော်စရာ ၅ မိနစ်တာ ....

တနင်္လာကို ဘောင်ခတ်ထားတဲ့ ညနေလေးပါ

တကယ်ကို မျှော်လင့်မထားတဲ့ ရင်ခုန်စရာ ကစားပွဲလေးထဲ

ကြည်ကြည်နူးနူး ပိတ်မိခံလိုက်တဲ့ အချိန် ခဏတာ ။

လှိုင်း အလူးလူးနဲ့ ရင်ခွင်အစုံက ဦးတည်ရာ ပျောက်လို့

ပတ်ဝန်းကျင်မှာ တကယ်ကို ဘာဆို ဘာမှ မရှိတော့ဘူး

အဲဒီ အသံရယ် … ကျွန်မရယ် … ဟောဒီ ရင်ခုန်သံရယ်ပဲ ရှိတော့တယ်

အရူးအမူးတော့ မဟုတ်ဘူး .. ဒါပေမဲ့ အရူးအမူးပါပဲ

အဝေးကြီး ရှင်သန်မှုတစ်ခုကို အာရုံခံစားရင်း နေထိုင်တတ်လာတဲ့အခါ

အဲဒီ ရှင်သန်မှုအနားကို အရောက်သွားဖို့က အရေးကြီးဆုံး မဟုတ်တော့ဘူး

ကျွန်မတို့ အတူတကွ ပြုံးရယ်ကြ … စိတ်ညစ်ခဲ့ကြ

ကဲ .. ဒါဆို ပြီးတာပဲ

အဲဒီ ၅ မိနစ်နဲ့ ဘဝကို အားဖြည့် ရှင်သန်ပါလေ့ ။။။။။။။။။။။။။

Saturday, January 30, 2010

ငါဟာ လူကောင်းမဟုတ်ဘူး

ငါဟာ လူကောင်းမဟုတ်ဘူး

အညတရဆန်ဆန်ပဲ တစ်လျှောက်လုံးနေထိုင်လာခဲ့တယ်

ပြုံးတဲ့သူတွေကိုလည်း ပြန်ပြုံးပြခဲ့တယ်

တချို့ကိုလည်း ပါးမရိုက်ပဲ နားကိုက်ပစ်လိုက်တာမျိုး လုပ်တယ်

တိတ်တိတ်လေး စာရင်းတို့ထားတဲ့ ရန်သူစာရင်းကလည်း Excel တောင် မနိုင်တော့ဘူး

တခါတလေ ငါ့ကိုယ်ငါတောင် မုန်းလို့

ဟိုလူ့ကိုချစ် ချစ်ပြန်ပြီ .. ဒီလူ့ကိုမုန်း မုန်းပြန်ပြီနဲ့

သောက်မြင်က ကတ်ရသေး

ဘာဖြစ်တုန်း ဟောဒီ လောကကြီင်္းမှာ ချစ်တာရော မုန်းတာရော နောက်ဆုံး

စိတ်တွေကို ပေါ့ပေါ့ ပါးပါး လွှတ်တင်မယ်

ငါ မနှောင်ဖွဲ့ဘူး နှောင်တွယ်ချင်တာတော့ နည်းနည်း ရှိမယ်

အတိတ်မေ့သလိုမျိုး ရှင်သန်ရတာမျိုးလည်း ရှိတယ်

ငါ အလွယ်လေး ရယ်ပြမယ် ငိုပြမယ်

ရင်ထဲက လာတာရော မလာတာရော ဘယ်သူ သိနိုင်တော့မလဲ

ခုကစပြီး ပြင်ဆင်လိုက်တယ် ငါ့မြေပုံအတွက် ငါတူးမယ်

ငါဟာ လူကောင်း မဟုတ်တဲ့ အတွက်

ဈာပနက မိဘနဲ့ ဆွေမျိုးကလွဲလို့ သိပ်စည်ကားမှာတော့ မဟုတ်ဘူး

လောလောဆယ်တော့ ခွေးကိုက်ခံရမှာတောင် ကြောက်နေသေးတယ်

ခွေးတွေကလည်း ကိုက်ချင်မှာပေါ့

ငါက လူကောင်းမှ မဟုတ်တာ ။

Saturday, January 23, 2010

စပ်ကူး မပ်ကူး အမှတ်တရ အကြောင်း

တေးသွားက ချိုချို .. ရင်ခုန်သံ ပါးလျလျနဲ့

ဗိုလ်ခြေနှစ်ထောင် မလိုတဲ့ ည အကြောင်းပါ

ချီးယားစ်ပေါင်း များစွာ မရေတွက်နိုင်တော့ပဲ လရောင် ကဗျာချိုချိုကို ခံစားရင်း

တစ်ယောက် အကြည့်ထဲ တစ်ယောက်တိုးဝင်

ဘယ်သူမှ သက်သေမပြရပဲ အဲဒီရင်ခွင်ပဲ အလုံခြုံဆုံး ဖြစ်သွားခဲ့

မျက်စိမှိတ် လက်ခံလိုက်တဲ့ သေချာမှုတွေနဲ့

တိမ်တွေကြား အတူလမ်းတွေ လျှောက်

ဒီချိန် ခါမျိုးဆိုတာ ဒီလောက် တိုတောင်း သွားတတ်သလားပေါ့။

Thursday, January 14, 2010

နောက်ဆုံးတစ်နေ့တာ

မျက်ရည်တွေ ထွက်မလာတော့ဘူး

နှာသီးဝက လေဝင်လေထွက်က ဖမ်းရခက် နေလိုက်ပုံများ

တိမ်တိုက်ထဲက ပါးလျလျ အလွမ်းတွေနဲ့ တစ်နေ့ခင်းလုံး နေမထိထိုင်မသာ

သူလာမယ် ပြောခဲ့တာ မသေချာပေမဲ့ သေချာချင်နေတဲ့သူ

အဲဒီတုန်းကတော့ မသိလိုက် မသိဘာသာ မေ့ပစ်ခဲ့တာပဲ

လှိုက်လှိုက်ပြီး ခုန်တတ်တဲ့ ရင်ခုန်သံကသာ သူမရှိလည်း ပျော်ပျော်ကြီး ရှင်သန်နေခဲ့ရတာ

ဘဝ တစ်ခုလုံးလည်း ဒီစကားပြီး ဒီစကား ပြောနေရတယ်

လပြည့်ကျော် တစ်ရက်ညက တိတ်ဆိတ်…အထီးကျန်…ကြေကွဲ..ခြောက်သွေ့…ကွဲရှ

ဒါတောင် တာဝန်တွေနဲ့ သူ့အတွက် ဆုတွေ တောင်းပေးနေမိသေး

နီယွန် မီးလဲ့လဲ့အောက်မှာ အေးချမ်းစွာ အိပ်စက်ပါလေ

အခါတစ်ရာပဲဖြစ်ဖြစ် နေသာသလိုသာ ရှင်သန်ပါတော့ နေခြည်ရယ်

နှစ်သစ်မှာ အဟောင်းတွေကို ခံစား မက်မောနေဆဲ ငါကတော့

ဟောဒီညမျိုးမှာ ဒါမျိုးစာတွေ ရေးနေမိသေးပေါ့ကွယ်

တကယ်ဆို တွေးမိတိုင်း မျက်ရည်က ဝဲဝဲနေရတဲ့ ပြဇာတ်

ဘယ်သူက အမိုက်ခံပြီး ပွေ့ပိုက်ထားနေချင်တော့မလဲ

တလင်းတချင်းလမ်းတွေကိုလည်း မေ့ချင်ပါပြီ

အမှတ်တမဲ့ ယောင်ဆောင်ပြီး ပက်ပင်း တိုးခဲ့တဲ့ တစ်မနက်ကလည်း

ခုဆို လေပြေတွေလို ဝေးဝေးသွားတာ ကြာလှပေါ့

ဆေးပေါင်းခခဲ့တဲ့ ညဦးဆိုတာ .. သူပျောက်ကွယ်လုအချိန်အခါ

The Day You Went Away သီချင်းလေးကို တိုးတိုးညည်းဆို

ဘဝကိုက သောကတို့ အလွမ်းတို့ စတာတွေနဲ့ အသားကျလို့

နေပါစေတော့ အဲဒီသမိုင်းကို ဘယ်လိုပဲ ဖြစ်ဖြစ်

လှည့်မပြန်ချင်တော့ဘူးကွယ်။

also in facebook
and in wordpress

Wednesday, January 13, 2010

ယုံကြည်မှု အလဲအလှယ်

ကျွန်မဘ၀မှာ တန်ဖိုးထားတဲ့ အရာတွေထဲမှာ ယုံကြည်မှုဆိုတဲ့ အရာလည်း ပါဝင်ပါတယ်။ ကျွန်မက ယုံကြည်မှုတွေ ပေးတတ်ပါတယ်။ ပေးနိုင်အောင်လည်း တမင် လေ့ကျင့်ခဲ့ဖူးတယ်။

ကျွန်မက ယုံကြည်မှုကို မြတ်နိုးတယ်။ ယုံကြည် ပေးရတာကိုလည်း နှစ်သက်တယ်။ အဲဒီလို ယုံကြည် ပေးလိုက်ရတာ ကိုယ်တိုင်လည်း လုံခြုံသွားသလို ခံစားရတယ်။ သူများအပေါ်မှာလည်း ပိုလေးစား တတ်လာသလိုပဲ။ Love All ဆိုတဲ့စကားကို အပြည့်အဝ မပြုကျင့်နိုင်သေးသလို Trust a Few ဆိုတာကိုလည်း မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ ကျွန်မက Try to Trust ဖြစ်နေတယ်။ တခါတလေတော့ ဘယ်လိုမှ ယုံကြည်စရာ အကွက် ရှာမတွေ့တဲ့ သူမျိုးနဲ့ ကြုံဆုံရတဲ့ အခါလည်း ရှိတယ်။ အဲလိုခါမျိုးဆို အရင်ဆုံး ကျွန်မ စိတ်ဆင်းရဲရတယ်။ ကိုယ်တိုင်က သိပ်မရင့်ကျက် နိုင်သေးတာလားပဲ မသိ။ အဲဒီလိုလူတွေနဲ့ ကျွန်မ ပေါင်းသင်း ဆက်ဆံလိုစိတ် ကုန်နေတတ်တယ်။

ဘာပဲပြောပြော ပေါင်းသင်း ဆက်ဆံရေးမှာ ယုံကြည်မှုက အရေးကြီးဆုံးပါ။ နိုင်ငံ အချင်းချင်းကြားက ယုံကြည်မှုက စလို့ သူငယ်ချင်း နှစ်ယောက်ကြားက ယုံကြည်မှုထိ ယုံကြည်မှု အားလုံးက ခိုင်မာနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုရဲ့ အုတ်မြစ်ပဲလေ။ အဲဒီလို ယုံကြည်မှုတွေဟာ ရေခံမြေခံအရ ရှိလာတာလည်း ရှိတယ်။ တမင် တည်ဆောက်ယူရတာလည်း ရှိတယ်။ အလိုအလျောက် ရှိနေတာလည်း ရှိတယ်။ အဲဒါကြောင့် တမင်ဆောက်ထားတဲ့ ယုံကြည်မှုတွေ ပျက်ခဲ့ရတဲ့ အခါမျိုးတွေလည်း ကျွန်မကြုံခဲ့ရဖူးတယ်။ ခံစားမှုဘက်က ကြည့်ရင်တော့ So bad ပေါ့။ ဒါပေမဲ့ Love All ဆိုတာလေးနဲ့ ပြန်ဖြည့်ဖြည့် နေရတယ်။ နားလည်မှု ပေးလိုက်တယ်။ နိုင်သလောက်ပေါ့။ ၀န်တော့ သိပ်မကြီးမိဖို့ ကြိုးစားတယ်။ ကျွန်မ နားလည်မပေးနိုင်တဲ့ နယ်ပယ်ထိ ရောက်သွားရင်တော့ ကြိုးတွေ ဖြေချလိုက်တာပါပဲ။

တခါတလေတော့ Value တွေနဲ့ ချိန်ထိုးကြည့်ရတယ်။ အချိန်ယူပြီး ပြန်ဆောက်နိုင်တဲ့ ယုံကြည်မှုကို မျှော်လင့်ကြည့်ရတယ်။ ယုံကြည်မှုဆိုတာပေါ် သိပ် Sensitive မဖြစ်မိအောင်လည်း ကြိုးစားရတယ်။ လူဆိုတာ အားလုံး အရိယာမှ မဟုတ်တာ။ ကျွန်မကိုယ်တိုင်လည်း ကိုယ့်အပါးက လူတွေ ကိုယ့်ကို အတိုင်းအတာတစ်ခုထိ ယုံကြည်လို့ ရအောင် ခုထိ ကြိုးစားနေဆဲ မဟုတ်လား။ ကိစ္စအားလုံးကို သုံးဘက် မြင်တတ်အောင် လေ့ကျင့် ပါတယ်။ အဲဒီလိုနဲ့ပဲ ယုံကြည်မှု အလဲအလှယ်တွေ ပြေလည် နေလိမ့်မယ်လို့တော့ ယုံကြည်နေပါသေးတယ်။