Saturday, October 20, 2018

တက်တူးများအကြောင်း...

အသားပေါ်မှာ စွဲမြဲနေမယ့် တက်တူးလေး တစ်ခုလောက် ထိုးချင်တာ ငယ်ငယ်ကတည်းကပါ
အနီရောင်လေးရယ် အစိမ်းရောင်လေးရယ် ရွှေရောင်လေးရယ် ဘယ်လိုပေါင်းစပ်ထိုးလိုက်မယ်ပေါ့
စိတ်ကူးတွေယဉ်ရတာလည်း ခဏခဏ
စိတ်ကူးထဲမှာတော့ လက်ဖျံပေါ်မှာလည်း ထိုးပြီးသွားပြီ ခြေသလုံးမှာလည်း ထိုးလိုက်ပြီ ပခုံးမှာလည်း တစ်ခု နားထင်မှာတောင် ပါသေး
တကယ့်တကယ်တော့ လက်တွေ့အကောင်အထည် မဖော်ဖြစ်သေးပါဘူး
အဲဒါကတော့ သာမန်မျက်စိနဲ့ တွေ့မြင်နိုင်တဲ့ ဆေးရောင်စုံတက်တူးလေးတွေပေါ့
ဒါပေမဲ့ တစ်ဖက်မှာတော့ ကျွန်မရဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဆေးရောင်စုံတက်တူးလေး နှစ်ခုက နေရာယူထားပြီဆိုတာ သိလိုက်ရတယ်
ကျွန်မကို မြင်တိုင်း အသိမိတ်ဆွေအားလုံးက အဲဒီတက်တူးလေးတွေကိုပါ တွဲမြင်တယ်
တက်တူးတစ်ခုက အင်အားအပြည့်နဲ့ မိုးကောင်းကင်တစ်ခုလို ကျွန်မတစ်ကိုယ်လုံးကို အရောင်ပါးပါးလေးနဲ့ လွှမ်းခြုံထားတယ်
နောက်တစ်ခုက အရွယ်သေးပေမယ့် ဆေးရောင်ပြင်းပြင်းနဲ့ ကျွန်မရဲ့ နှလုံးသားနေရာမှာ ထည်ထည်ဝါဝါ နေရာယူထားတယ်
ကျွန်မဟာ အဲဒီတက်တူးလေးတွေနဲ့ အမြဲတစေ တွဲဖက် ရှုမြင်ခံရတယ်
အဲဒီတက်တူးတွေရဲ့ လှပမှု၊ ကြော့ရှင်းမှု၊ ရဲရင့်မှု အားလုံးဟာ ကျွန်မအပေါ် တစ်စိတ်တစ်ဒေသဖြစ်ဖြစ် အလုံးစုံဖြစ်ဖြစ် သက်ရောက်တတ်တယ်
သူတို့ရဲ့ အောင်မြင်မှုဟာ ကျွန်မ ….. ရှုံးနိမ့်မှုဟာ ကျွန်မ ….. မြတ်နိုးမှုဟာ ကျွန်မ… မုန်းတီးမှုဟာ ကျွန်မပဲ
သူတို့ရဲ့ အရာရာတိုင်းဟာ ကျွန်မ ဖြစ်သလို ကျွန်မရဲ့ အရာရာတိုင်းဟာလည်း သူတို့သာ ဖြစ်တယ်
ဆက်စပ်ပြီးတော့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ တက်တူးတွေဟာ ကျွန်မတင်မက လူတိုင်းမှာ ရှိနေတာကိုလည်း သူတို့ကြောင့် တွေ့မြင်လာရတယ်
လူတွေအားလုံးမှာ အလိုအလျောက် ရိုက်နှိပ်ထားတဲ့ တက်တူးတွေ ကိုယ်စီနဲ့ပါလားပေါ့
ကဲ … ကိုယ့်ရဲ့တက်တူးလေးတွေက ဘာတွေဖြစ်မလဲ ဘာအရောင်လဲ ဘယ်လိုပုံသဏ္ဍာန်လဲ ဘယ်လောက်နက်ရှိုင်းစွာ ရေးဆွဲထားတာလဲ စဉ်းစားတွေးတောလိုက်ရအောင်  .... .... …။

Tuesday, March 27, 2018

ချစ် ခင် မြတ် နိုး ခြင်း … မေ တ္တာ များ စွာ ဖြင့်

.........
ချစ်သူ အတွက်ပေါ့
အမြဲတမ်း စဉ်းစားလာတဲ့ စကားလုံးတွေကို စာရွှက်ပေါ် ချရေးဖို့ ပြင်ဖြစ်တယ်
ပထမဆုံး စကားလုံးကတော့ … အချစ်ပေါ့
ဒုတိယမြောက်ကတော့ … ပျော်ရွှင်ချမ်းမြေ့ခြင်း
တတိယ စကားလုံးက … ချမ်းသာအောင်မြင်မှုပါ
ချစ်သူရဲ့ဘဝမှာ အဲဒီစကားလုံးတွေချည်း လွှမ်းမိုးနေပါစေ
များပြားလှတဲ့ အလုပ်တွေကြားမှာ
မနက်ခင်း နေရောင်ခြည်ကိုလည်း ခံစားနိုင်ပါစေ
နေဝင်ချိန်အိပ်တန်းတက်ငှက်ကလေးတွေရဲ့ တေးသံကိုလည်း နားဆင်နိုင်ပါစေ
ကိုးကွယ်ရာဘုရားရှင်ကို ဝတ်ပြုနှုတ်ဆက် တစ်လောကလုံးကိုလည်း မေတ္တာပွားများနိုင်ပါစေ ချစ်သူ
နဖူးကချွေး ခြေမ ကျအောင် ကျွေးမွေးပြုစုခဲ့တဲ့ မိခင်ကိုလည်း ကန်တော့
ဒါမှမဟုတ် ဖုန်းဆက်ပြီး ကျေးဇူးတင်ကြောင်း နေကောင်းပါစေကြောင်း ပြောပေါ့
ဝန်းရံစောင့်ရှောက်ပေးတဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း မေတ္တာပါးရင်း
ဆွေမျိုးသဖွယ် အမြဲရှိနေပေးတဲ့ မိတ်ဆွေတွေကိုလည်း အမှတ်ရလိုက်ပါ
နောက်ထပ် အရေးကြီးတာလေး ရှိသေးတယ် ချစ်သူ
သူမျက်ဝန်းလေးတွေနဲ့ အရာရာကို အောင်နိုင်တတ်တဲ့ နှလုံးသည်းပွတ် သမီးလေးပေါ့
သမီးလေးဟာ တို့ဘဝတွေအတွက် မောင်းနှင်အားဖြစ်တယ်လေ
သူလေးကို လိမ္မာ တတ်သိတဲ့ လူသားတစ်ယောက်ဖြစ်အောင်လည်း သွန်သင်ထိန်းကျောင်းပေးပါဦး
ချစ်သူ ကိုယ်တိုင်လည်း ပတ်ဝန်းကျင်ကို အကျိုးပြုသူ တစ်ယောက် ဖြစ်ပါစေ
လောကကြီးကို ပခုံးဝိုင်းထမ်းပေးမယ့် ခွန်အားရှိတဲ့ စိတ်ဓာတ်ပိုင်ရှင် ဖြစ်ပါစေကွယ်
တစ်ဖက်ကလည်း …
ချစ်သူရဲ့ အတိတ် ပစ္စုပ္ပန် အနာဂတ် အားလုံးအတွက် အားအင်တစ်ခုဖြစ်ရပါလို၏
ချစ်သူရဲ့အနားက ပါရမီဖြည့်ဖက်တစ်ယောက်အဖြစ် အမြဲရပ်တည်ရပါလို၏လို့
ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆုတောင်းပါရစေ
မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေ
ပြီးတော့ …
ချစ်သူအပါးကို ပျော်ရွှင်ချမ်းမြေ့မှုအပေါင်း ခစား ရောက်ရှိကြပါစေ။

 လရိပ်ပြာ
(6 February 2018) Tuesday 11:38 pm 

ချစ်တယ်ဆိုတာ


..............
ချစ်တယ်ဆိုတာ
နှလုံးသားရဲ့ ရွေးချယ်ခွင့် မရှိတဲ့ ဘာသာဗေဒ ဆိုရင် ...
ဦးနှောက်ကတော့ တအိအိ ရှိုက် ငို ရင် ငိုနေပေလိမ့်မယ်
တစ်ခါတစ်ရံလည်း အဲဒီဘာသာဗေဒကြားမှာ ပျော်ရွှင်ကောင်းလည်း ပျော်ရွှင်နေလိမ့်မယ်
ဘာကို ပိုမြတ်နိုးမှာလဲဆိုတာ ဘယ်သူက ထိန်းချုပ် ကန့်သတ်မှာလဲ
ဒါမှမဟုတ် အကန့်အသတ်မဲ့ ကြိုးပြတ်စွန်ကလေးလို လွှတ်ပေးမှာလား
တောင်စဉ်ရေမရ အတွေးများနဲ့ တစ်ရေးပေါင်းများစွာ နိုးနေဦးမှာလား
ညတာဟာ ဗဟိုချက်လောက်တော့ မရှည်ကြာတော့တာ အမှန်
နာကျင်မှုတွေ တွေဝေမှုတွေ နှမြောတသမှုတွေကတော့ မနီးမဝေးမှာ ရပ်ကျန်တယ်
အဲဒီ နာကျင်မှုတွေ တွေဝေမှုတွေ နှမြောတသမှုတွေနဲ့
မကြာခင် ဝေးကွာသွားတော့မယ် မျှော်လင့်ရင်း ရောင်နီမှာ တလှပ်လှပ် မောရတယ်။

လရိပ်ပြာ
၁၇-၉-၂၀၁၇

အလွမ်း..

.........
ပါးပြင်ကို လေပြေတစ်ခု လာထိတဲ့အခါ
တိုးညင်းညင်း သူ့အသံကို လွမ်းဆွတ်မိတယ်
သူ ရှူရှိုက်နေတဲ့ လေတွေမှာ
အောက်စီဂျင် အချိုးအဆ မှန်ကန်စွာ ပါရဲ့လားလို့လည်း တွေးမိတယ်
ကျွန်မဆိုတာ..
သူ့နဖူးစပ်က ချွေးတစ်စက်ကြောင့်
တောက်ပပ မျက်ဝန်းတစ်စုံစပ်ဖျဉ်းသွားမှာ စိုးစိတ်နဲ့
အဲဒီချွေးစက်လေးကို စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ဖူးသူ..
သူ့ကို အနမ်းတစ်ခုတလေ မပေးရတဲ့နေ့တွေ
သူ့ရယ်မောသံကို တစ်နေ့ သုံးကြိမ် မကြားရတဲ့နေ့တွေ
နွေးထွေးတဲ့ အသက်ရှူသံကို မကြားရတဲ့နေ့တွေမှာ
၂၄ နာရီဆိုတာကို မသိလိုက် မသိဘာသာ
အယောင်ယောင် အမှားမှား
မေ့မေ့ပျောက်ပျောက် ..
စတဲ့ စကားလုံးတွေနဲ့ပဲ ဖြတ်သန်းနေရသူ..။

လရိပ်ပြာ
3.3.18