Saturday, February 27, 2010

စိတ်သောကများနဲ့ တစ်စုံတစ်ရာသော ထွက်ပေါက်များ

လူတွေ ရှင်သန်နေထိုင်ရတဲ့ လောကကြီးမှာ ပူလောင် ရှတစရာ ပြင်းပြတဲ့ ခံစားချက်တွေက အများသားပါ။ ဥပမာ - ရုံးသူ ရုံးသားတွေက တစ်နေ့ တစ်နေ့ ရုံးကို အချိန်မီမရောက်မှာ ပူရ၊ ကျောင်းသား ကျောင်းသူတွေက အိမ်စာ မလုပ်လို့ ဆရာ ဆူမှာ တွေးပြီး ပူရ၊ ကိုယ်ပိုင်ကား မစီးနိုင်တဲ့ သူတွေက ဘတ်စ်ကား မမီမှာ စိုးလို့ ပူရ၊ မီရင်တောင် ထိုင်စရာ ထိုင်ခုံလေးမှ ရပါ့မလားလို့ တွေးပူရ၊ ကိုယ်ပိုင်ကား စီးနိုင်သူတွေကျတော့လည်း ကားပါကင်ရပါ့မလား၊ ရရင်တောင် နေရာကောင်းလေး ဟုတ်ပါ့မလားလို့ ပူပင်ရ ဆိုတဲ့ ကိစ္စတွေက စလို့ ကိုယ့်မိသားစုဝင် ဒါမှမဟုတ် ကိုယ် သိပ်ချစ်တဲ့သူ တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ပူလောင်ရ၊ ကိုယ်တိုင် သေခြင်းတရားနဲ့ ကြုံရတော့မယ်ဆိုတာ အသေအချာ သိထားရလို့ ပူလောင်ရ၊ အဲဒီလို ပူပင်သောကတွေနဲ့ တစ်နေ့ တစ်နေ့ လုံးပမ်း နေထိုင်နေရတာ။
အဲဒီ ပူပင်သောကတွေကို တစ်ခုချင်းစီသာ လိုက်ပြီး ဖော်ပြနေရမယ်ဆိုရင် စွယ်စုံကျမ်းကြီး ကျမ်းငယ် အစောင်စောင်နဲ့တောင် ပြီးမှာ မဟုတ်ပါဘူး။ အဲဒီလို ခံစားမှု၊ ပူလောင်မှုတွေကြောင့် သောကမျိုးစုံ ဖြစ်ရတယ်။ သောကတွေက သတိတရား မရှိနိုင်ရင် စိတ်ထဲ လောင်တယ်။ ဖွဲမီးလို တမြေ့မြေ့ လောင်တာမျိုးလည်း ရှိတယ်။ မီးတောက်ကို လောင်စာဆီ ဖျန်းလိုက်သလို ဟုန်းခနဲ လောင်တာမျိုးလည်း ရှိတယ်။ ခဏလေး လောင်လိုက်တာ၊ ရက်ရှည် နှစ်ရှည် လောင်နေတာ စသဖြင့် သောက အကြီးအငယ် အလိုက် လောင်နည်းပေါင်းစုံ လောင်ကြတာပေါ့။
ဘယ်လိုပဲ ဖြစ်ဖြစ် သောက ဖြစ်လာပြီ ဆိုတာနဲ့ လူက ပုံမှန်နေထိုင်နေကျ သမားရိုးကျ ဘဝပုံစံထဲမှာ ဟန်မပျက် နေနေရရင်တောင် ရင်ထဲမှာ အပူလုံးကြွနေတော့ မျက်နှာသွင်ပြင်က သောက ကင်းတုန်းကလောက်တော့ ကြည်လင် ဝင်းပ မနေမှာ သေချာတာပေါ့။
အဲဒီလို အခြေအနေမျိုးဆို ကျွန်မတို့မှာ ရွေးချယ်စရာ နှစ်မျိုး ရှိတယ်။ အဲဒီ သောကကို မွေးမြူမလား၊ သတ်ပစ်မလား၊ သောကကို မွေးမြူတဲ့သူဆိုတာ အဲဒီ သောကနဲ့ ဖက်တွယ်နေထိုင်သူ၊ သောကကို မကြီးကြီးအောင် အဖန်တလဲလဲ တွေးတော ပူလောင် တွေဝေနေတာ။ သောကကို သတ်ပစ်တယ်ဆိုတာကတော့ အရင်ဆုံး အဲဒီသောကကို တည့်တည့်ကြည့်ပြီး အဖြေတစ်ခု ထွက်အောင် ကြိုးစားခြင်းပါ။ တစ်ခုရှိတာက အဲဒီ အဖြေဟာ အပေါင်းလက္ခဏာ ဆောင်နေရပါမယ်။ သောကက အမြစ်ပြတ်သွားရပါမယ်။ နောက်သောက အသစ်တွေလည်း ပွားမကျန်ခဲ့ရပါဘူး။
များသောအားဖြင့်တော့ ကျွန်မတို့လို တရားဘက်မှာ ပါရမီနည်းသေးသူတွေ၊ စိတ်ဓာတ် အင်အား နည်းပါးသေးသူတွေက သောကကို မသိလိုက် မသိဘာသာ မွေးမြူထားမိတတ်သွား ကြတယ်။ တစ်ခါတလေ သောကဆိုတာ မရှိရင်တောင် ပျင်းနေသလို ခံစားမိတတ်ကြသေး။ အဲဒီလို အခါမျိုးဆို စိတ်ကလေး အေးချမ်းနေတာကို ဖျက်လိုဖျက်ဆီးနဲ့ နီးစပ်ရာ သောကတစ်ခုခုကို ဆွဲယူ မွေးမြူမိတတ်ကြတယ်။ အချိန်တန်လို့ အိမ်ပြန်လာမယ့်သူကို အိမ်ကနေ ထိုင်စိတ်ပူပြီး ဟိုဟိုဒီဒီ လျှောက်တွေး၊ သောကတွေ ပွားနေလိုက်တာ၊ ကိုယ့်အိတ်ထဲက ပိုက်ဆံတွေကို ဘယ်သူများ ခိုးဝှက်သွားမလဲ၊ လုယူသွားမလဲ၊ ခါးပိုက်နှိုက်ခံရတော့မလား ဆိုပြီး ပိုက်ဆံအိတ်ကြီး ဖင်ခုထိုင်ပြီး သောကပွားရောက်နေရတာ၊ အဲဒါမျိုးတွေပေါ့။
အဲဒါက မလိုအပ်တဲ့ သောကတွေရဲ့ ကြိုးကိုင်ခြင်း ခံရတဲ့ သဘောပါ။ တကယ်တမ်းက အနတ္တဆိုတဲ့ သဘောကြောင့် ကိုယ်တိုင် ဘာကိုမှ မတတ်နိုင်ပါဘူး။ လောကကြီးကို မပြုပြင်နိုင်ပါဘူး။ ဖြစ်လာမယ့် ကံကိုရှောင်လွှဲလို့ မရနိုင်ပါဘူး။ အဲဒါကြောင့် ဒါတွေက မလိုအပ်တဲ့ သောကတွေလို့ ပြောလို့ရတာပေါ့။ ကိုယ်ဟာ ကံကြမ္မာကို ပြုပြင်ဖန်တီးနိုင်စွမ်း မရှိဘူး၊ ဒါပေမဲ့ ကြုံလာမယ့် ကံကြမ္မာကိုတော့ အကောင်းဆုံး ဖြစ်အောင် ရင်ဆိုင်မယ်လို့ပဲ အနည်းဆုံးတွေးထားလိုက်ရင် ရပါပြီ။ အဆိုးတွေချည်း တွေးနေလို့လည်း မဟုတ်သေးသလို အကောင်းတွေချည်း စဉ်းစားနေလို့လည်း မျှော်လင့်တာတွေက ဖြစ်ခဲပါဘိနဲ့။ အဆိုးတွေ ကြုံရချိန်မှာ ကြိုမပြင်ထားမိတော့ စိတ်နှလုံးကို ပြင်းပြင်းထန်ထန် ထိတတ်လို့ပါ။ အဓိကကတော့ စိတ်ထားတတ်ဖို့ရယ်။ မလိုအပ်တဲ့ သောကတွေ မလာနိုင်အောင် ကိုယ့်စိတ်ကို ကိုယ် အမြဲသိနေဖို့ရယ်ပါပဲ။
မလိုအပ်တဲ့ သောကတွေကြောင့် လူကို လောင်မီးကျစေပါတယ်။ အဲဒီတော့ သောကအပူ တွေက အတွင်းဘဝင်မှာ လောင်ချင်တိုင်းလောင်လို့ လူရဲ့ ရုပ်ဆင်းအင်္ဂါကိုပါ မှေးမှိန် ထိခိုက်စေတယ်။ သောကများတဲ့ သူတွေမှာ ခန္ဓာကိုယ်ရဲ့ အတွင်းတေဇောဓာတ် များလာလို့ ဆံပင်ဖြူလွယ်တာ၊ အသားအရေ လျော့ရဲလွယ်တာ၊ အိုမင်းလွယ်တာ၊ စတဲ့ ရုပ်ပိုင်းဆိုင်ရာတွေလည်း အများကြီး ထိခိုက် ပျက်စီးရတယ်။
အဲဒီတော့ မလိုအပ်တဲ့ သောကတွေရော၊ လိုအပ်တဲ့ သောကတွေရော ကိုယ့်စိတ်ထဲ ကြာကြာမနေနိုင်အောင် တတ်နိုင်သလောက် ကြိုးစားရမှာပေါ့။ စိတ်သောကကို ဖြေဖျောက်ဖို့က အစပိုင်းမှာ ခက်ခဲနိုင်ပေမဲ့ နောက်ပိုင်းအသားကျသွားရင်တော့ သောကလေး ဖြစ်ချင်လာတာနဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ စိတ်ထွက်ပေါက်ဆီ အလိုလို သွားမိလျက်သား ဖြစ်လာမှာ သေချာပါတယ်။
အဲဒီ စိတ်ထွက်ပေါက်က လူငယ်တွေအဖို့ဆို အလွယ်တကူ သီချင်းအော်ဆိုလိုက်တာ၊ ဂစ်တာတီးပစ်လိုက်တာ၊ အားကစား တစ်မျိုးမျိုးကို ပြင်းပြင်းထန်ထန် လုပ်ပစ်လိုက်တာ စတာတွေအပြင် Window Shopping ထွက်လိုက်တာတို့၊ သောကနဲ့ လုံးဝမသက်ဆိုင်တဲ့ တစ်နေရာရာမှာ လူမှုရေးကိစ္စတစ်ခုခုကို ထဲထဲဝင်ဝင် ပါဝင်လိုက်တာတို့၊ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စကားပြောလိုက်တာတို့ကလည်း သောကကို လမ်းလွှဲပေးနိုင်တဲ့ အရာတွေပါ။
လူကြီးတွေကတော့ သောကကို ရှောင်လွှဲဖို့၊ သတ်ပစ်ဖို့ တရားဓမ္မကို ပိုပြီး အားကိုးတတ်ကြတယ်။ စိတ်ထဲ ပူပန်စရာ တစ်ခုခု ရှိချင်လာတာနဲ့ ပုတီးကောက်စိတ်လိုက်တာမျိုး၊ တရားစာလေး ရွတ်ဖတ်နေလိုက်တာမျိုး၊ နောက်ဆုံး မေတ္တာပို့နေတာမျိုးတွေ လုပ်ပြီး စိတ်ထွက်ပေါက် (တစ်နည်းအားဖြင့်) စိတ်သက်သာရာ ရှာတတ်ပါတယ်။ တခြား ဘာသာဝင်တွေအနေနဲ့လည်း လူကြီးတွေက လူငယ်တွေထက် ဘာသာတရားကို ပိုပြီး ထွက်ပေါက်ပြု တတ်ကြတာ တွေ့ရပါတယ်။
အဲဒါက သောကဖြစ်လာရင် ကုသတဲ့ နည်းလမ်းတချို့ပေါ့။ ကာကွယ်တာဟာ ကုသတာထက် ပိုထိရောက်တယ် ဆိုတဲ့ စကားအရ အဲဒီသောကကို ကိုယ့်စိတ်ထဲ မလာနိုင်အောင် ကြိုတင် ကာကွယ်ထားလို့လည်း ရပါတယ်။ ပိုလုံခြုံစိတ်ချရတာပေါ့။ ကိုယ့်စိတ်ကို အမြဲရှင်းနေအောင် ထားတာ ဖြစ်ပြီး အမြဲမျက်ခြည်မပြတ် စောင့်ကြည့်နေတာမျိုးပါ။ ကိုယ့်စိတ်ကို ကိုယ်အမြဲမပြတ် ကြည့်နေနိုင်ရင် ကိုယ့်စိတ်အကြောင်း ကိုယ်သိလာနိုင်မယ်။ ကိုယ့်စိတ်က အားနည်းချက် တစ်စုံတစ်ရာ ဖြစ်သွားရင်လည်း ချက်ချင်းသိမယ်။ ချက်ချင်းသိတော့ ချက်ချင်း ပြင်ဆင်နိုင်မယ်။ ကိုယ့်စိတ်ထဲ ဖြစ်ပျက်နေတာတွေကို မကြာမကြာ ဆန်းစစ်နိုင်လေ ကောင်းလေပါပဲ။ အဲဒါမှ ပြင်စရာ ရှိတာပြင်ဆင်၊ ကာကွယ်စရာ ရှိတာ ကာကွယ်လို့ ရမယ်လေ။ မဟုတ်ရင်တော့ ကိုယ့်စိတ်ထဲ ပူလောင်သောကတွေက ဝင်ချင်တိုင်းဝင်လို့ ကြီးပြင်းလာကြဦးမယ်။ ကာကွယ်ရေး အစောင့်တပ်တွေ မရှိတဲ့ ခံတပ်ထဲ ရန်သူတွေ ဝင်နိုင် ဖျက်ဆီးနိုင်သလိုပေါ့။
နောက်တစ်ခုက စိတ်ကို ရောက်ချင်ရာရောက် ပေတေလေလွင့်နေအောင် လွှတ်မထားဘဲ အလုပ်ထဲမှာ ဖြစ်ဖြစ်၊ မေတ္တာသုတ်လို ဘုရားရှိခိုး တစ်မျိုးမျိုးထဲမှာဖြစ်ဖြစ် နှစ်မြှုပ်ထားတာလည်း မလိုအပ်တဲ့သောကတွေ ဝေးသွားနိုင်ပါတယ်။ တစ်ခုတော့ရှိတယ်။ ဘယ်အရာမှ အလွန်အကျွံ ဖြစ်တာ မကောင်းတဲ့အတွက် အလုပ်ကို တအားဖိစီးသွားအောင်တော့ မလုပ်မိစေနဲ့ပေါ့။ Relax ဆိုတာ နေ့တိုင်း ရှိရမယ်လေ။ အလုပ်သောကတွေ ဖိစီးချင်လာပြီဆိုရင် သီချင်းတစ်ပိုဒ်လောက်ဖြစ်ဖြစ် အော်ဆိုပစ်လိုက်ဖို့လည်း ဝန်မလေးပါနဲ့။ ပြီးတော့ စိတ်သောကတွေ ရောက်လာချိန်မှာ ကိုယ်ချစ်တဲ့ ကလေးငယ်လေး တစ်ယောက်နဲ့ စိတ်ပါလက်ပါ စကားပြောလိုက်ခြင်းဟာလည်း ထိရောက်တဲ့ သောကဖြေဖျောက်နည်းပါ။ ကလေးက စကားပြောတတ်စ အရွယ်၊ တီတီတာတာ လျှောက်ပြော တတ်တဲ့ အရွယ်လေးဆို ပိုကောင်းတာပေါ့။
အဓိကကတော့ ကိုယ့်စိတ်ကလေး ဘာတွေတွေးနေလဲ၊ ဘယ်တွေရောက်သွားပြန်ပြီလဲ စတာတွေကို မပြတ်ကြည့်နေတာက သိပ်ကိုထိရောက်တဲ့ သောက ဖြေဖျောက်နည်းပါ။ ဘာသာရေးတော့ ဆန်ရင် ဆန်နေပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကို လွှတ်မပေးဘဲ စောင့်ကြည့်ထားတယ် ဆိုတာမျိုးကလည်း ဘယ်ဘာသာဝင်မဆို လုပ်လို့ ဖြစ်တဲ့ ကိစ္စပါ။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲ ပူပင်လောင်မြိုက်တဲ့ သောကတွေ ပြေသွား၊ ပျက်သွားဖို့က အဓိကမဟုတ်လား။ အဲဒီတော့ သောကတွေ အဝေးရောက်သထက်ရောက်အောင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကြိုးစားပြီး ဘဝကို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်လိုက်ရအောင်ပေါ့။

23rd Feb 2010 (Tue)

1 comment:

ဂျေဂျူဝိုင် said...

ကောင်းပါတယ် ကလျာ ။ ဖြေသိမ့်နည်းလေး ရတာပေါ့