Tuesday, April 28, 2015

ကျွန်မ နှင့် ကားမှတ်တိုင်များ ...



တက္ကသိုလ် စတက်တဲ့ ၂၀၀၀ ခုနှစ်မှာ ကားမှတ်တိုင်တွေ ဆိုတာကို ကျွန်မ ပိုပြီး မှတ်မှတ်ထင်ထင် စိတ်ဝင်စားလာ ဖြစ်ခဲ့ခြင်းပါ။ အရိပ်တွေ ဝေေ၀ဆာဆာနဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ကျောင်းလမ်း အရှည်ကြီးကို မနက်တစ်ခါ ညနေတစ်ခါ လျှောက်ရင်း ဟိုဘက်ထိပ် ဒီဘက်ထိပ် ကြိုဆိုနေတတ်တဲ့ ကားမှတ်တိုင် အဟောင်းလေး နှစ်ခုက အစပြုခဲ့တာ ဆိုလည်း မမှားပါ။ 

အဲဒီ ခုနှစ်တွေတုန်းက ခပ်မွဲမွဲ သွပ်မိုးလေးတွေပဲ ရှိပြီး ထိုင်ခုံမပါတဲ့ အညိုရောင် ကားမှတ်တိုင်ဟောင်းလေးတွေ ရှိနေသေးတဲ့ အချိန်။ လှည်းတန်းလို နေရာမျိုးမှာတောင် အမိုးအပြာရောင် တောက်တောက်နဲ့ လှလှပပ ပလပ်စတစ် ထိုင်ခုံတွေ ပါတဲ့ ခေတ်မီ ကားမှတ်တိုင် တွေ ရှိလာတာ မကြာသေး။ နောက်ပိုင်းကျ အဲဒီလို ကားမှတ်တိုင်တွေ နောက်ခံမှာ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေပါ ရောက်လာပြီး အနုပညာခင်းကျင်းမှု တစ်ခုလိုတောင် ဖြစ်နေတတ်တဲ့ ကားမှတ်တိုင် တွေလည်း ရှိလာတယ်။ 

ဘယ်လိုပုံစံနဲ့ ဘယ်လို ခင်းကျင်းထားထား ဘယ်လိုမှတ်တိုင်ပဲ ဖြစ်ဖြစ် ရပ်ရမယ့် ကားတွေ ကတော့ ခရီးသည် အတက်အဆင်းချိန် လောက်ပဲ ရပ်ပြီး နောက်ထပ်မှတ်တိုင်တွေ ရှိရာဆီ ခရီး ဆက်နေရတာပဲ။ အဲဒီ မှတ်တိုင်တွေထဲမှာ တချို့မှတ်တိုင်တွေက အမြဲလိုလို စည်ကား ဆူညံနေတတ်သလို တချို့လည်း စိမ်းလန်းငြိမ်းချမ်းလို့။ 

ကျွန်မ ကျောင်းသွားနေကျ လမ်းပေါ်က ကားမှတ်တိုင်လေး နှစ်ခုကတော့ အမှတ်တရပါပဲ။ နာမည်တွေကတော့ ကျောင်းရှေ့မှတ်တိုင်.. ကျောင်းလမ်းမှတ်တိုင်။
မိုးဖွဲဖွဲတွေ မိုးသည်းသည်းတွေ အောက်မှာ အေးချမ်းတဲ့ ရင်ခွင်တစ်ခု အမြဲဖွင့်ထားသလို ကြင်နာတတ်ဟန် ပေါက်နေတဲ့ ကားမှတ်တိုင် ဟောင်းလေးများပါ။

တချို့ကျတော့လည်း ဘာအမှတ်အသား ဆိုင်းဘုတ်မှ မရှိဘဲ သတ်မှတ်ချက် အရသာ မှတ်တိုင် ဖြစ်နေရတဲ့ ကားရပ်နားရာ နေရာလေးများ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ ကားမှတ်တိုင်များကို စိတ်ဝင်စားသည်လေ။ အဲဒါကြောင့်ပဲ ကျွန်မ ဘ၀တစ်လျှောက် ကြုံခဲ့ရသည့် တချို့လူတွေ အဖြစ်အပျက်တွေကို ကားမှတ်တိုင် နေရာမှာ ထားမိတော့ အဲဒါတွေ အားလုံးက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မလွဲမသွေ ဖြတ်ကျော် ထားရစ်ခဲ့ရမယ့် သင်္ကေတ အမှတ်အသားတစ်ခု သက်သက်လို ခံစားလိုက်ရတယ်။ ဒါပေမဲ့လည်း ပြန်ကြည့်လိုက်တိုင်း အမှတ်ရနေစရာ ရပ်နားခဲ့ဖူးတဲ့ အရိပ်တစ်ခု ဆိုတာတော့ လက်ခံရမယ်လေ။

BUS-STOP (1)
အမိုးအကာမဲ့ သင်္ကေတမရှိ ဆိတ်ငြိမ်တဲ့ ကားမှတ်တိုင်ပါ။ ကျွန်မ လေးတန်းကျောင်းသူ ဘ၀က မြန်မာစာဆရာ..။
ဆရာက အညာဇာတိဖြစ်ပြီး ကျောင်းမှာပဲနေ ကျောင်းသားတွေကို စာပြရင်း ဘ၀မှာ နေပျော်နေတဲ့သူ။ ကျွန်မကို ရေဆေးပန်းချီနဲ့ ပထမဆုံး ရင်းနှီးစေခဲ့ပြီး ကျွန်မလက်ရာ ပန်းချီတွေကို ကျောင်းကြော်ငြာသင်ပုန်းမှာ ကပ်လို့ ကျွန်မအိပ်မက်တွေကို အရောင်တင်ပေးခဲ့တဲ့ ဆရာပါ။ ဒါပေမဲ့ သိသင့်တာမှန်သမျှကို လေးတန်းကလေးလေးပါ ဆိုတဲ့ သတ်မှတ်ချက်အောက်မှာ ဖုံးကွယ်ခြင်း ခံခဲ့ရတယ်လေ။
ကျွန်မတို့ဆရာ ရုတ်တရက်ပျောက်သွားပုံက ပဉ္စလက်တော့ ဆန်တယ်။ တွေးကြည့်ဖို့လည်း ကျွန်မဥာဏ်မမီပါ။ ၈ လေးလုံး အရေးအခင်း နောက်ဆက်တွဲ ရိုက်ခတ်မှုအဖြစ် ပျောက်ကွယ်သွားတယ် ဆိုတဲ့ သတင်းသဲ့သဲ့က လွဲလို့ ကျွန်မ ဘာမှ မသိခဲ့ရပါ။
အဲဒီလို ရုတ်တရက် သတင်းအစ ပျောက်သွားတဲ့ ဆရာ့ကို ကျွန်မရဲ့ ပန်းချီတွေက မျှော်နေကြဆဲ.. ခုထိပါ။

BUS-STOP (2)
နူးညံ့သိမ်မွေ့မှု ရိုးရှင်းမှုတွေ ပါဝင်တဲ့ တွယ်တာမှု တစ်ခု..။ သြဂတ်စ် နေ့လယ်ခင်း တစ်ခုက စခဲ့တဲ့ အမှတ်တရပါ။ မျက်တောင်ရှည်ရှည်တွေ ပိုင်ဆိုင်တဲ့ အဲဒီအဖြူရောင် ကောင်လေးကို ကျွန်မက မိုးရေ လို့ ဖြူဖြူစင်စင် ခေါ်ခဲ့တယ်။ သူ့လက်ထဲက စီးကရက်ရယ်၊ သူ့စက်ဘီးနောက်ခုံက ကောင်မလေးတွေရယ်၊ ကျွန်မလွယ်အိတ်ထဲက သူ့နာမည်တစ်လုံး ပါတဲ့ စာအိတ်ပြာတွေရယ်၊…။
အဲလိုနဲ့ပဲ ကျောင်းဖွင့်လိုက် ကျောင်းပိတ်လိုက်နဲ့ မျိုသိပ်ခဲ့ရတဲ့ ရင်ထဲက ရာသီမှာ မိုးစက်တွေက အသန့်ရှင်းဆုံး ဇာတ်လိုက် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ထိ သူ့ကို မပြောပြနိုင်သေးတာကတော့ အမှတ်တရ ဖြစ်စေတဲ့ အကြောင်းရင်းများလား မသိပါ…။
အရောင်ခြယ်ရမယ် ဆိုရင်တော့အဖြူရောင်။
ပြီးတော့….အစိမ်းရောင်။

BUS-STOP (3)
အာ၊ဘေ၊ဆေ၊ဒေ ဆိုပြီး ပြင်သစ်စာကို ကကြီးခခွေးက စသင်ပေးခဲ့တဲ့ ဆရာမ။ ကျွန်မရဲ့ချစ်လှစွာသော ကားမှတ်တိုင်လေးပါ။ ခန့်ညားထယ်ဝါမှု၊ နွေးထွေးမှုတွေ လွှမ်းခြုံနေတဲ့ ထိုမှတ်တိုင်လေးမှာ အကြာကြီး ရပ်နားထားချင်ပေမဲ့ ကျွန်မကြာကြာ ရပ်ခွင့်မရခဲ့။ ဒုတိယနှစ်မှာပဲ ထိုမှတ်တိုင်က အဝေး ထွက်သွားတော့မယ် ဆိုတော့ “ယတဲန်းမ်” လို့ စတင်ပြောတတ်နေပြီ ဖြစ်တဲ့ စကားသံတွေနဲ့ ဒဂုံမန်းရထားအောက်မှာ နုနုနယ်နယ် မျက်ရည်တွေ ဝေခဲ့ရတယ်။ ပြန်ကြဆိုတဲ့ဆရာမ စကားသံက ခုထိကြည်လင်နေဆဲ။ ရထားသံလမ်းတွေကတော့ ရက်စက်စွာ ဖြောင့်တန်းလို့ လက်ပြရုံပဲ တတ်နိုင်ခဲ့ရတာပါပဲ။ တွေးမိတိုင်း အစအဆုံး အရောင်ထင် လာတတ်တဲ့ ကားမှတ်တိုင်လေးပါ။

BUS-STOP (4)
ရင်ခုန်သံတွေ နှေးလိုက် မြန်လိုက်နဲ့ သုံးရာသီကို လှလှပပ ဖြတ်ကျော်ခဲ့တဲ့ မှတ်တိုင်။ အဖြူရောင်ကြိုး တစ်ချောင်းနဲ့ တုတ်နှောင်မိတဲ့ အချိန်ကစပြီး ကျွန်မ ဒိုင်ယာရီထဲ သူရိုးရိုးသားသား စတင် ပါဝင်လာခဲ့တယ်။ တရိရိနဲ့ အိပ်မက်တွေ ပေးလိုက်ရတော့မှ အလန့်တကြားနဲ့ မှောင်ကြီးမည်းမည်း ငုတ်တုတ် ထထိုင်မိတဲ့ အဖြစ်။ တကယ်ဆို ကျွန်မက အဲဒီ ကားမှတ်တိုင်လေးကို အရမ်းချစ်ခဲ့ပါတယ်...အလွမ်းတွေ တဝေတဆာနဲ့ နေ့တချို့လည်း ရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ်ပေးချင်တဲ့ စကားလုံးတွေက သူ့အတွက် အမှိုက်တွေ ဖြစ်လာတဲ့အခါ ကယ်သူမရှိတဲ့ နေ့ရက်တွေ ဖြစ်ကုန်ရောလေ။ ဒီလိုနဲ့ all trash ဖြစ်ခဲ့ရတဲ့ စကားလုံးတွေ နောက်မှာ ကိုယ်ဦးနှောက် ကိုယ်မောင်းနှင်ရင်းပဲ ညင်ညင်သာသာ ဖြတ်ကျော်ခဲ့လိုက်တဲ့ အရောင်လွင်လွင် ကားမှတ်တိုင်…။နောက်ခံသီချင်းကတော့
စည်သူလွင်ရဲ့ ..သူငယ်ချင်း။

BUS-STOP (5)……………..
………………………………………..
…………………………….
......................
............

BUS-STOP (6)……………..
………………………………………..
…………………………….
......................
............
ရှိနေဦးမှာပါ။
ဒီလိုနဲ့ ကားမှတ်တိုင် တွေနဲ့အတူ ကျွန်မ ရှင်သန်နေဖြစ် ပါဦးမယ်။ ။
..
လရိပ်ပြာ

လရောင် ကျဆုံးခန်း



လရောင်သံစဉ်ချိုချိုနဲ့ … သူ့ခြေရင်း ခစားနေတဲ့ အိပ်မက်တွေရယ်
လွလွလေး ရှတတ်တဲ့ ဓားသွားမြမြကို တမြတ်တနိုး သိမ်းဆည်း
သန်းခေါင်ထက်လည်း ညဥ့်မနက်တော့ပါဘူး။

အပြင်က ဆောင်းရာသီကလည်း မပီပြင်လှပါဘူး ချစ်သူရယ်
မင်းရင်ငွေ့ နွေးနွေးမှာ ညင်းညင်းသာသာ မှေးစက်ရင်း
ဆောင်းအိပ်မက်တစ်ခု မက်နေချင်တဲ့အခါ
ညဆိုတာ အဆုံးမရှိ ရှည်လာတယ်။

ဘဝဆိုတာ တစ်လမ်းသွားလို့ ဘယ်လို ယုံကြည်ထားရမလဲ
အတိတ် ပစ္စုပ္ပန် အနာဂတ်… ဘာတွေနဲ့ ရှင်သန်ခဲ့တာလဲ
ကျန်နေရစ်ချင်တဲ့ စက္ကန့်တွေဆိုတာ သွဲ့ ညင်းတဲ့ လေပြေ…

ပိုးဥပြောသလို တစ်သက်စာရှခဲ့တဲ့ ဒဏ်ရာရယ်
ပန်းနုရောင်သော့ချက်တွေနဲ့ မျက်စိမှောက်ခဲ့ရတဲ့ နာရီတွေရယ်
ဒီရာသီလေတွေ တိုက်ခတ်နေသရွေ့တော့
မြတ်နိုးမှုဖွဖွ ရင်ခုန်သံတွေနဲ့ တခမ်းတနားကျဆုံးနေရဦးမှာ….။

..လရိပ်ပြာ..

အိပ်မက်များနောက် ပြေးလိုက်ကြည့်ခြင်း (Chasing After Dreams)

ကျမက အိပ်မက်အများကြီးမက်တတ်သူတော့ မဟုတ်ပေမဲ့ မက်ဖူးတဲ့ အိပ်မက်တချို့တလေကို အမှတ်ရနေ တတ်တာတော့ အမှန်ပါ။ တချို့ကပြောတယ် နေ့တိုင်းလိုလို အိပ်မက်မက်တယ်တဲ့၊ တစ်ခါမှကို အိပ်မက် မမက်ဖူးဘူး လို့ ဆိုတဲ့ သူတွေကိုလည်း တွေ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါတော့ အဲဒီ အိပ်မက် သို့မဟုတ် မမြင်နိုင်တဲ့ ကမ္ဘာ တစ်ခုဆီ ခဏလောက် တမင်အလည်သွားလိုက်ချင်ပါတယ်။
မက်နေကျ အိပ်မက်တွေကို ပြန်စဉ်းစားကြည့်ရင် တစ်ခါတလေ အိပ်မက်တွေက အရောင်တွေပါတယ်။ မှတ်မိ သလောက်တော့ မက်ဖူးတဲ့ အိပ်မက်တွေဆိုတာ ဝိုးတိုးဝါးတား အဖြူနဲ့ အမည်း ရုပ်ရှင်ဇာတ်ကားဟောင်း တစ်ခုလိုပဲ။
တစ်ခါတလေတော့ မှတ်မှတ်ရရ အိပ်မက်ထဲမှာ တစ်ရောင်တည်းကို မှတ်မှတ်ထင်ထင် တွေ့ရတာမျိုးလည်း ရှိတတ်တယ်။ ဥပမာ- အစ်ကို ဆုံးတုန်းက အစ်ကို့ကို အိပ်မက်ထဲမှာ ရှပ်အကျီင်္အပြာရောင်လေး ဝတ်ထားတယ်လို့ အိပ်မက် မက်တာမျိုး၊ သွေးလေ ချောက်ခြားတဲ့ အိပ်မက်လိုလို ပုံစံထဲမှာ အစိမ်းရောင်အလင်းတန်းတွေနောက် ပြေးလိုက်နေတယ် ဆိုတာမျိုးကို ပြောတာပါ။ အနံ့ တစ်ခုခုကို အိပ်မက်တာကတော့ ရှားတယ်။ မအိပ်ခင် ဆိုးဆိုးဝါးဝါး အနံ့တစ်ခုကို တော်တော် ရလိုက်တုန်းက အိပ်မက်ထဲမှာလည်း ယောင်ယမ်း နံနေတတ်တာမျိုးတော့ ကြုံဖူးတယ်။
အဲဒီလိုအိပ်မက်တွေထဲမှာ အရောင်တွေ တွေ့ရတတ်တာ စိတ်စွဲလို့ပါလို့ ဆိုသူတွေလည်း ရှိပါတယ်။ အိပ်မက် တွေဆိုတာပုံမှန်အားဖြင့် အဖြူနဲ့အမည်းပါပဲတဲ့။ ဟုတ်ပါတယ်..များသောအားဖြင့် ကျွန်မမှတ်မိတဲ့အိပ်မက်တွေဆိုတာ လည်း ပြောခဲ့သလိုပဲ အဖြူအမည်းဝိုးတဝါးရုပ်ရှင်ဇာတ်ကားတစ်ကားလိုပါပဲ။ ကျွန်မက စိတ်ဓာတ်အင်အားနည်းလို့ပဲ လားတော့မသိပါ။ မက်ဖူးတဲ့ ရင်သိမ့်တုန်အမှတ်တရ အိပ်မက်တချို့တလေအကြောင်းကို တစ်ခုနှစ်ခုလောက် ဖောက်သည် ပြန်ချချင်ပါတယ်။
အိပ်မက် (၁) အိပ်မက်ထဲမှာ ဆုံးပါးသွားတဲ့ ချစ်လှစွာသောအစ်ကိုဖြစ်သူက ပြေးလာနေတယ်။ သူ့ရှပ်အကျီင်္လေးက အပြာရောင်...။ သူ့မျက်ဝန်းက ညှိုးလို့ ငယ်လို့ ....
အိပ်မက် (၂) ကျွန်မခြုံထားတဲ့စောင်ကို တစ်စုံတစ်ယောက် အင်အားကြီးစွာ လာဆွဲယူသလိုခံစားလိုက်ရတယ်။ ကျွန်မ ပြန်မဆွဲယူနိုင်ဘူး။ လန့်နိုးသွားတယ် ... စောင်ကခြုံထားလျက်ပဲ
အိပ်မက် (၃) နံရံကို မျက်နှာမူအိပ်ပျော်နေတဲ့အချိန် နံရံကိုဖောက်ပြီး ကျွန်မကို ရပ်ကြည့်နေတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရတယ်။ ကျွန်မထိတ်လန့်သွားပေမဲ့ အော်ဖို့အင်အားမရှိ။ ဒါတင်မကသေး။ ကျွန်မကို နောက်ထပ်တစ်စုံ တစ်ယောက်က စီးမိုးကြည့်နေလို့ တဲ့။ ဘယ်သူမှန်းမသိပေမဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ မသိစိတ်က ပါးပါးလေး ပြောပြတယ်။
အဲဒီလို စိတ်လှုပ်ရှားဖွယ်အိပ်မက်တွေ မက်ပြီးရင် ကျွန်မ ညတော်တော်များများ တစ်ယောက်တည်းအိပ်ရမှာ ကြောက်နေတတ်ပါတယ်။ ဘာသာရေးဘက်က ပြောရမယ်ဆို သူငယ်ချင်းတွေက ဘုရားရှိခိုးပါ၊ မေတ္တာပို့ပါ၊ အမျှ အတန်းဝေပါ စသဖြင့် နှစ်သိမ့်အားပေးကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင်ပီပီ ဘုရားကိုမကြာမကြာ ရှိခိုး အိပ်တတ်သူဖြစ်ပေမဲ့ ကျွန်မက အတော်အတန် စိတ်လှုပ်ရှားစရာလေးတွေကိုတောင် မခံနိုင်ပါဘူး။ နှလုံးခုန်နှုန်းတွေ မတော်မတရားကို မြန်သွားတတ်တာ အကျင့်ကို ဖြစ်နေပြီ။ တစ်ခါတလေ အကြောက်တရားကိုဖြေဖျောက်ဖို့ ဘုရားကို အားကိုးတကြီးရှိခိုးရတာ ဘုရားရှင်ကိုတောင် အားနာလာပါတယ်။
နည်းနည်းဖြစ်ဖြစ် စိတ်လှုပ်ရှားစရာကိုတောင် မခံစားချင်လို့ ကျွန်မ အိပ်မက်တွေထပ်မမက်ချင်တော့တာ အမှန် ပါ။ ကံမကောင်းချင်တော့ ကောင်းသောအိပ်မက်များ ဆိုတာကို ကျွန်မ သိတတ်စအရွယ်ကတည်းက မမက်ခဲ့ မပိုင်ဆိုင် ခဲ့ရဘူး။ မက်ခဲ့တဲ့အိပ်မက်တွေက ဆန်းပြားချင်ဆန်းပြား၊ မဟုတ်ရင် စိတ်လှုပ်ရှားထိခိုက်ဖွယ်၊ ထိတ်လန့်ဖွယ် အိပ်မက် တွေသာဖြစ်နေတတ်ပါတယ်။ ငယ်ငယ်တုန်းက နှစ်ခါသုံးခါလောက် မက်တတ်တဲ့ အိပ်မက်လေးတစ်ခုကို ခုထိ အမှတ်ရ နေဆဲပါ။
ကလေးငယ်နှစ်ယောက် မြက်ရိုင်းဆန်ဆန်ကွင်းပြင်တစ်ခုမှာ ငြိမ်းငြိမ်းချမ်းချမ်းလွတ်လပ်ပေါ့ပါးစွာကစားလို့.. အဲဒီအချိန်မှာ ကလေးမလေးက အမှတ်တမဲ့ မြေကြီးထဲတူးဆွကစားနေတုန်း မြေကြီးထဲက တစ်စုံတစ်ရာက အုံးခနဲ ထပေါက်ကွဲသွားတာ အဲဒီကလေး နှစ်ယောက်စလုံး အစအနတွေအဖြစ်ချက်ချင်းပြောင်းလဲသွားတယ် ...။ အဲဒီပေါက်ကွဲ တဲ့အရာဟာ စစ်အတွင်းက ကျန်ရစ်ခဲ့တဲ့မပေါက်ကွဲသေးတဲ့မြေမြှုပ်မိုင်းတစ်ခုဖြစ်နေတယ် ... တဲ့။ ရုပ်ရှင်ဆန်တယ်။ စိတ်ကူးယဉ်ဆန်တယ်။ ဒါပေမဲ့ လန့်နိုးလာတိုင်း ချွေးတွေပြန်လို့ ရင်တွေခုန်လို့.. ကလေးနှစ်ယောက်ကို မြင်ယောင် နေတယ်။ ဘယ်လို စိတ်ဓာတ်ကြောင့်များ ဒီလောက်ရုပ်ရှင်ဆန်တဲ့ပြကွက်ကို အထပ်ထပ်မက်ရသလဲ ခုထိမသိသေးပါ။
အဲဒီလို အိပ်မက်တွေ မက်ပြီးရင် ရက်တော်တော်ကြာ စိတ်ထဲစွဲလမ်းပြီး နေထိုင်မကောင်းချင် ဖြစ်တတ်တာမို့ တကယ်ကို အိပ်မက်များနဲ့ ဝေးချင်ပါပြီ။ ကျွန်မ နောက်ထပ် အိပ်မက် မမက်ချင်တော့ပါဘူး။ ဆုတောင်းလို့ပြည့်မယ် ဆိုရင် နောင်လာမယ့်ညတွေမှာ အိပ်မက်တွေနဲ့ဝေးပါရစေလို့ပဲ ဆုတောင်းလိုက်ချင်ပါတယ်။

Monday, June 25, 2012

ပိုင်ရှင်မပါတဲ့ ရွှေရတု


စီစီရီရီ စကားလုံးတွေရော
မသေမသပ် ခံစားချက်တွေရော
စက္ကူပေါ်တင်မယ် ကြံတိုင်း
ကလောင်ဖျားမှာ အားလုံး ကြက်ပျောက် ငှက်ပျောက်။

လက်ဖျားတွေ တုန်ယင်နေတတ်တာရယ်
လည်ချောင်းမှာ ရှတ နာကျင်နေတာရယ်
မျက်လုံးတွေ နီစွေး ပူစပ်လာတာရယ်က လွဲလို့
“အမှတ်တရ ကဗျာ” ဆိုတာ ထွက်မလာသေးဘူး။

လွန်ခဲ့တဲ့ ငါးလကျော်ကတည်းက
ရင်ထဲမှာ ရေးနေတဲ့ အမှတ်တရ လို့ ခေါ်တဲ့ ကဗျာ ….
ခုထိ
ဒီတောင်ကို မကျော်နိုင်သေးဘူး ဆရာ ။

လာမယ့် စနေနေ့ဆိုရင်ပဲ
တစ်စုံတစ်ယောက် ပိုင်ဆိုင်တဲ့ ရွှေရတုကို
အဲဒီသူ မပါဘဲ ဖြတ်ကျော်ကြရတော့မယ်

ဝမ်းနည်းပါရစေ ဆရာ ……
ဝမ်းမြောက်မှုတွေချည်းပဲ ဆရာထားခဲ့ချင်တာ သိပေမဲ့လည်း ။      

လရိပ်ပြာ
၂၄-ဇွန်-၂ဝ၁၂ (တနင်္ဂနွေ)

Friday, May 4, 2012

ဘဝ တောလား


လမ်းပျောက်တယ် … ဘဝမှာ
ဘဝမှာ … လမ်းတွေ ပျောက်တယ်
တစ်ခါက လမ်းပျောက်ခဲ့ဖူးတဲ့ အဖြစ်တွေ ဆိုတာမျိုး
လူ့ဘဝမှာ ဆန်းတော့ မဆန်းပါဘူး
အနည်းဆုံး တစ်ခါ မဟုတ်လည်း နှစ်ခါ သုံးခါတော့ လမ်းပျောက်ပေဦးမှာပ။
လမ်းပျောက်ရင်းပဲ
သစ္စာတရား ဆိုတာကို ပါးပါးလေး ပုတ်ကစားခဲ့တဲ့ သူတွေကို
ရှေ့တည့်တည့်မှာ အရှင်လတ်လတ်ကြီး မြင်ဖူးခဲ့တယ်
ကံကံ၏ အကျိုး တဲ့
အကျိုးပေးမကောင်းလို့ ကံကို အပြစ်ပုံချကြပေရော့
မှန်ကို မှန်မှန် မကြည့်သူများ လို့သာ နာမ ကောက်တပ်လိုက်တယ်
လူ့ဘဝ ဆိုတာကြီးက အရိယာ မဖြစ်မချင်းတော့
အကုသိုလ်တွေ ဗရပွနဲ့ ညစ်နွမ်းနေတဲ့ အိမ်။
ကိုယ်တိုင်ကလည်း မျက်မှန် အမျိုးမျိုးနဲ့ မြင်ကွင်း အမျိုးမျိုးကို ကြည့်ရှုသူ
အမှန်တရား ဆိုတာ လက်တစ်ကမ်းမှာ လိုလိုနဲ့
အများသူငါကို ဆရာကြီးတွေ လုပ်လိုလုပ်
ကိုယ့်မျက်ချေးကိုတော့ မျက်မှန်မည်းက ကွယ်ထားလို့ ကိုယ်ပြန် မမြင်ချေဘူး။
ဘာပဲပြောပြော ငါက မှန်အမြဲ ကြည့်တယ် .. မျက်မှန်လေး မချွတ်မိတာ တစ်ခုပဲ
လောကကြီးမှာလည်း ကိုယ်က လွဲလို့ တော်သူ တတ်သူတွေ ရှားရှားလာပြီ
လောကီ ဘာသာနဲ့ အမည် သတ်မှတ်ပေးထားတဲ့ ဘွဲ့တွေကို ပိုက်ရင်း
လောကမှာ ငါ့လောက် တတ်သူ မရှိလို့ တချို့က အော်ဟစ်တယ်
သူ့ရင်ထဲမှာတော့ အေးချမ်းတဲ့ လောကကို မလိုတမာစိတ်တွေ ယိုဖိတ်လို့။
စစ်မှန်တဲ့ အေးချမ်းမှု …
သန္တိသီတာ ဆိုတာ အပြေးသန်တဲ့ အားကစားသမားတော့ မဟုတ်တန်လောက်ပါဘူး။
ပုထုဇဉ်တွေကိုက အဝိဇ္ဇာတောကိုပဲ ပျော်ပိုက်ရာ ထင်မှတ်နေတာ
စိတ်ကို ဖြူအောင် ထားဖို့ ဆိုတာ
လက်တွေ့မှာ ထင်သလောက် မလွယ်ပါလား ဘုရား။
ရံဖန်ရံခါလည်း အဖြူရောင်ကို တခြား အရောင်တွေ ခြယ်ခြယ် သွားတတ်သေးပါတယ်။
အများစုကတော့ မိမိရဲ့ ကိုယ်ပိုင်အရောင်ဟာ
အဖြူဆွတ်ဆွတ်ပါလို့ပဲ ကြေညာ မောင်းခတ်ကြတယ်။
ကာလာဘလိုင်းတွေ အပြည့်နဲ့ ကမ္ဘာ …
မှောင်လိုက်တဲ့ လောက …
နက်လိုက်တဲ့ တောမြိုင် …
သန်းခေါင်ထက် ညဥ့်နက်ဦးမယ် ဆိုရင်တော့
နေဝင်ချိန်တိုင်း ကိုယ်ကျိုးတွေ နည်းနေလိမ့်ဦးမယ် ထင်ပ။               ။

နေချို
၂ဝ၁၂ မေလ ၄ ရက် (သောကြာနေ့)
နံနက် ၄ နာရီ ၃၅ မိနစ်