သို့မဟုတ် ..... အဟောင်းတွေနဲ့ အသစ်တွေကို ဟိုဟိုဒီဒီ ခံစားရေးဖွဲ့ ထားတဲ့ တစ်နေရာ
Sunday, December 13, 2009
Saturday, July 25, 2009
About Dala
Some Data of Dala
Its population is over 128,000 in 2007. The urban population is over 85,000 and the rural is over 43,000. Dala is formed with 23 quarters, 53 villages (23 village groups).
Most of the people are Buddhist and there are over 100,000 Buddhists. The others are Hindu, Islamist and Christians.
Geography
Situation
Dala is situated between the north latitude 16 degree 20 minute and east longitude 96 degree 16 minute. It is about 5 furlong away from the south of Yangon. Dala is a town of southern district of Yangon Division, situating 20 feet above the sea level.
Area
Dala’s area is 86.51 sq miles. By acre, its land has totally 55368 acres.
Dala’s border line
East - The mouth of Yangon River
West - Ton Tay Township
South - Kaw Hmu Township
North - Yangon River
Weather
Its weather is not too hot or too cold. It has fair and nice weather. The hottest month of the year is about 40 degree centigrade. The coldest month is January and the temperature is 32 degree centigrade. The average temperature in the whole year is 35.33 degree centigrade.
Land
The land of Dala is just a plain type and it has not hill, mountain, cliff etc.
History
Dala was formed long long ago by Mons, one of the Myanmar ethnics. It was famous as a Mon City State of Suwonnabon Nation from AD first century till the end of AD 9th century. And also it was mainly well known during the 36 year war between Innwa and Hantharwaddy from AD 1386 to 1422.
Dala was governed alternatively by the Myanmar and Mon Counts. But it was one of the war fields where Myanmar Knights and Mon Knights were confronting.
During Bagan era, Dala was called “ Tala” and that “ Tala” was named “Ton Talai” by Mon language. According to the records, “Ton Talai” means “The town of Knights”.
Ton = Town
Talai = Knight
Ton Talai = Town of Knights
And then “Talai” was changed to “Tala” and after that “Tala” became “ Dala” which is currently used as the name of the town.
Tuesday, July 14, 2009
ရန်ကုန်
ရန်ကုန်ဟိုတယ် ညချမ်းအရောင်
ရန်ကုန် ကမ်းနားလမ်းက မြင်ကွင်းတစ်ခု
ရန်ကုန်ညချမ်းနဲ့ အေးအေးလူလူ ရန်ကုန်သူ ရန်ကုန်သားများ
ရန်ကုန်ညနေမှောင်ရီကာစ လမ်းမ
ရန်ကုန် စားသောက်ဆိုင်ငယ်ရဲ့ အမိုးအကာရောင်စုံ
ရန်ကုန်ပလက်ဖောင်းနဲ့ သစ်ပင်
ယောမင်းကြီးလမ်းတစ်နေရာက စာသင်ကျောင်း
ရန်ကုန်လမ်းမကြီးတစ်ခု
ရန်ကုန်ညနေခင်းအရောင်
A yagonian sitting at cafe
ရန်ကုန်ညထဲက ကော်ဖီဆိုင်တန်း
Sunday, July 12, 2009
ပစ္စုပ္ပန်
မင်းတပ်ပေးတဲ့ ကြိုးလေးမှာ
ငါက အစီအစဉ်တကျ ပျော်ဝင်လို့...။
ပျော့ညံ့သွားတဲ့ စိတ်တွေကိုပဲ အပြစ်ပြောရတော့မှာပဲ။
တကယ်ဆို
မင်းက နည်းလမ်းတကျရှင်သန်ခဲ့သူ။
ငါ့စိတ်ကူးတွေထဲက အိပ်မက်ချိုကတော့
ဝေးမြေတစ်ခုခြားခဲ့ရပေါ့။
ဒါနဲ့တောင်
မိုက်မိုက်မဲမဲ ငါက
လမ်းလျှောက်သင်စ စကားလုံးတွေနဲ့
လိပ်ပြာသန့်စွာ ကျဆုံးချင်တုန်း။ ။
(ဇူလိုင် ၃၊၂ဝဝ၉)
Friday, June 19, 2009
ကိုလေပေါနှင့် တစ်နေ့လယ်ခင်း
လက်ဖက်ရည်ဆိုင်သို့ ကျွန်မ မရောက်ချင်ရောက်ချင် ရောက်ခဲ့သည်။ ကျွန်မတို့ထက် အရင် ကြိုရောက်နေသောကိုလေပေါက
ပေါ့ပေါ့ပါးပါးနွေရာသီဝတ်စုံဖြင့် အေးအေးလူလူစာထိုင်ဖတ်ကာ လေပေါဖို့အတွက် အားမွေးနေပုံရသည်။ ကျွန်မတို့ ရောက်သည်နှင့် သူ၏ လေသေနတ်ကို ကျည်ဖြည့်သည့် အနေနှင့် ကိုလေပေါက လက်ဖက်ရည်တစ်ငုံသောက်ရင်း ကျွန်မတို့ကိုပါ (သူ့ပရိသတ်အဖြစ်ရည်စူးသည်ထင့်) သိကျွမ်းဟန်ပြုပြသည်။ ထို့နောက် ကျွန်မဘော်ဒါပြောဆိုလိုသည့် အကြောင်းအရာများကို နားထောင်လိုက်၊ စဉ်းစားဟန်ပြုလိုက် နှင့် ကိုလေပေါဇာတ်လမ်းနိဒါန်းပျိုး၏။ နောက်ပိုင်း၌ ကိုလေပေါ တရစပ်ကြဲချသော လေဗုံးများအကြား ကျွန်မရှောင်လိုက်၊ ထိလိုက်နှင့် မွန်းလွဲနေကလည်း ကျဲကျဲပူလျက်။
တစ်ခုတော့ရှိပါသည်။ ကိုလေပေါသည် ခံယူချက်တိတိကျကျ ဆုပ်ကိုင်ထားသူဖြစ်သည်။ သို့ကြောင့် သူလေပေါခြင်းမှာလည်း အလကား ရခဲ့တာမဟုတ်စကောင်း ဟုတွေးဖြစ်သည်။ ပြောင်းလဲနေသောကမ္ဘာကြီး၏ စီးကြောင်းများထဲတွင် လူတိုင်းပြောင်းလဲနေခြင်းမှာ အပြစ်မဆိုသာ။ သို့သော်ပြောင်းလဲတိုင်း ကိုယ်ပိုင်ခံယူချက် တော့ ရှိရမည်။ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်အတွေးအခေါ်စသည်ဖြင့် ထိုစီးကြောင်းကို မိမိ၏ဘဝ၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပြုပြင်နိုင်စွမ်းတော့ရှိရမည်။ ထိုကဲ့သို့သော ကမ္ဘာကြီး၌ ရေစုန်လိုက် နေသည့် အတွေးအခေါ်များနှင့် ဖောင်းပွနေသော လေပူဖောင်းများပေါများလာသည်က မဆန်း။
ယခုကျွန်မရှေ့ရှိ လေပူဖောင်းကတော့ တမျိုးဆန်းနေသည်။သူ့စကားတစ်ဝက်လောက်မှာ သူ့အတွေးအခေါ်ကို ကျွန်မကောက်ချက်ချလိုက်မိသည်။ ထိုကိုလေပေါသည် အခြားသောလူငယ်များနှင့် လုံးဝမတူတာတော့သေချာနေသည်။ သူ့စကားလုံးများသည် သူ့ခံယူချက်ကိုအမှန်တကယ်ကိုယ်စားပြုသည် ဖြစ်ပါက သူသည် မိုးခါးရေကြိုက်သူတစ်ဦးတော့မဟုတ်ပါ။ ထို့အပြင် သူတပါးလက်ထဲမှ မိုးခါးရေကိုလည်း မနေနိုင်ဘဲ ခါးနေပါသည်ဟုဝေဖန်ပေးချင်သူတစ်ဦး ဖြစ်ဟန်တူသည်။
ထို့အပြင် တရားမျှတစွာလည်း လေပေါတတ်သူဖြစ်သည်ဟု ကျွန်မ တရားမျှတစွာ တွေးပေးလိုက်ပါသည်။ လူတော်တော်များများရှာဖွေဆဲဖြစ်သည့် မိမိကိုယ်ပိုင် VALUE ကိုလည်း ကိုလေပေါသည် ရှာဖွေတွေ့ရှိထားပုံပေါ်သည်။ သို့ဖြစ်၍ သူသည် လူတော် လူ့ဂွစာ ကိုလေပေါဖြစ်သည်ဟု ကျွန်မက အကြမ်းဖျင်းပုံကြမ်းထုတ်လိုက်သည်။
ထိုကဲ့သို့ ကိုလေပေါ၏ မုန်တိုင်းကြားမှာကျွန်မကလည်း အတွေးပေါင်းစုံနှင့် နေရှိန်သည့် ဒဏ်ကလည်း ခံရသေးသည်။ ကိုလေပေါ စကားကောင်းနေစဉ် အတောအတွင်းလေးအတွင်းမှာပဲ ကျွန်မ အပေါ်နှုတ်ခမ်းကို အင်းဆက်တစ်ကောင် ဝင်ခဲသွား၍ ကိုလေပေါစကားကြောထဲမှ ခေတ္တအပြင်ရောက်သွားသည်။ နာလိုက်တာလွန်ရော- ။ပါးစပ်နာနေသဖြင့် ကိုလေပေါတို့ပြောဆိုဆွေးနွေးမှုများက ကျွန်မစိတ်ထဲ ရောက်တစ်ချက်၊ မရောက်တစ်ချက်။ သူတို့ကတော့ ဘာကိုမျှ မသိတော့သည့်အလား လေစက်ရုံအသစ်များ တည်နေကြသည်။ တစ်ခါတစ်ရံ စကားပြောရင်း ကိုလေပေါ၏ ဖုန်းက ထထလာတတ်၍ “ ဟလော်” ဟုဆိုကာ ၎င်းဖုန်းဖြေနေစဉ်ကာလလေးမှာပဲ ကျွန်မလေစက်ကွင်းက လွတ်၏။ သို့ပေမဲ့ ကိုလေပေါသည် စကားဝိုင်းကို ၂ ဦးတည်းနှင့် မ,တည်မထားဘဲ တစ်ဝိုင်းလုံကိုပါ ဆွဲခေါ်တတ်သည့် ပညာလည်းတတ်သေးသည်။ စကားစတစ်ခုကို လှလှပပဆွဲယူတင်ပြတတ်သလို သူ့အတွေးအခေါ် ထင်မြင်ချက်များကိုလည်း ရဲရဲဝံ့ဝံ့ချပြပါသေးသည်။ ဤသို့ဖြင့် ကိုလေပေါသည် ၎င်း၏အတွေ့အကြုံများကို လေပူဖောင်းထဲထည့်မှုတ်ပြရင်း ပရိသတ်စိတ်ဝင်စား စေမည့် Performance Art တစ်ခုကိုပြသနေသူလို ကျွန်မမြင်လာသည်။
ပတ်ဝန်းကျင်၏ တရှိန်ရှိန်အပူဒဏ်ကလည်း ထိုလေပူဖောင်းကို ပေါက်ကွဲအောင်မည်သို့မျှ မစွမ်းသာခဲ့ပါ။ နောက်တစ်ကြိမ် ထိုကိုလေပေါနှင့် ဆုံရဦးမည်ဆိုပါက အေးချမ်းသောရာသီဥတုသာ ဖြစ်စေလိုပါသည်။ ။
Thursday, March 19, 2009
Mandalay Memory
မန္တလေးသွားတဲ့အကြောင်းရင်းကတော့ သူငယ်ချင်းနဲ့အတူ Thesis အတွက် Research သွားလုပ်တာပါ။ ယူရမယ့် data တွေကမိဘမဲ့တွေနဲ့ ပတ်သက်နေလို့ ကျွန်မတို့က မန္တလေးဖောင်တော်ဦးကျောင်းမှာ တည်းရပါတယ်။ ကျောင်းသား ၇၀၀၀ လောက်ကိုနေ့စဉ်စာသင်ပေးနေတဲ့ ဖောင်တော်ဦးကျောင်းကြီးဆိုတာ မဆုံးနိုင်တဲ့ တိုက်တန်းရှည်ကြီးလိုပါပဲ။ ကျွန်မတို့မန္တလေးမှာ နေသမျှကာလပတ်လုံး အဲဒီကျောင်းက လူတော်လေး KMT က Guide လိုကူညီပေးတယ်။ တခြားဆရာဆရာမတွေကလည်း ကူညီကြပါတယ်။ ကျေးဇူးတင်စရာ အကောင်းဆုံးကတော့ ကျောင်းထိုင် ဆရာတော် ဘုန်းဘုန်းကြီးပါ။
ဖောင်တော်ဦးကနေ ရေနီမြောင်းဘေးက ဧရိပ်မွန် မိဘမဲ့အမျိုးသမီး ဂေဟာနဲ့ ကျုံးဘေးမှာရှိတဲ့ YMCA က ချင်းတိုင်းရင်းသားမိဘမဲ့ဂေဟာ တွေအပြင် မြို့ပြင်ဂေါဝိန်ဆိပ်ကိုကျော်ပြီး တော်တော်လေးသွားရတဲ့ ပေပင်ဘုန်းကြီးကျောင်းက မိဘမဲ့ ကိုရင်လေးများဆီပါရောက်ခဲ့တယ်။
ဧရိပ်မွန်ကိုတော့ ရေနီမြောင်းတလျှောက် အေးအေးလူလူပဲ လမ်းလျှောက်သွားတယ်။ အရမ်းအေးချမ်းတယ်။ အတွင်းလမ်းဆိုတော့ ကျုံးဘေးမှာလို ဆိုင်ကယ်တွေ၊ ကားတွေ သိပါမရှိပါဘူး။ ဧရိပ်မွန်ကို ဟိုအရင်က `ကြည်ပြာ´ရုပ်ရှင်ကားထဲမှာပဲ မြင်ဖူးတာ။ ရောက်ဖူးတော့ တော်တော် အေးချမ်းတဲ့ နေရာလို့မှတ်ချက်ချမိတယ်။ ကလေးတွေကလည်း လိမ္မာတယ်။ ချစ်ဖို့ကောင်းတယ်။ ချင်းတိုင်းရင်းသားမိဘမဲ့ ဂေဟာကတော့ ကျုံးဘေးမှာ ရှိနေလို့မျှော်ကြည့်လိုက်တာနဲ့ ကျုံးမြို့ရိုးကြီးနဲ့ ကျုံးရေပြင်ကို တွေနေရတယ်။ အဲဒီက ကလေးတွေက စကားသံဝဲ၀ဲနဲ့ ချစ်စရာတိုင်းရင်းသားကလေးတွေပါ။
ပြောရဦးမယ်။ မန္တလေးမှာရှိနေရတာ ၂ပတ်လောက်ဆိုတော့ အင်တာနက် လေးသုံးချင်စိတ်က တားမရလို့ ကျုံးရှေ့က ဆိုင်တစ်ဆိုင်မှာသုံးမိပါတယ်။ ကွန်နက်ရှင်က ပြောတောင်မပြောချင်ပါဘူး။ မီးပျက်လို့ အဲကွန်းက မဖွင့်၊ မေလ ရာသီဥတုပူပူမှာ ကွန်ပျူတာကြီးရှေ့ ငုတ်တုတ်ထိုင်၊ ဇွဲကောင်းကောင်းနဲ့ သုံးလိုက်တာ ၁ နာရီ ၁၀၀၀ ကျပ်တော့ ပေးလိုက်ရတယ်။ နီးနီးနားနား သုံးလိုက်ရတာပဲ ကျေးဇူးတင်စရာပါ။
မန္တလေးရောက်မှတော့ ထုံးစံအတိုင်း မန္တလေးတောင်တက်တာပေါ့။ ကျွန်မတို့က ဒေသအခြေအနေမသိဘဲ ညနေမှောင်စမှာ စွတ်ရွက်တက်လိုက် တာတောင်ပေါ်ရောက်ဖို့ ၂ကွေ့လောက်အလိုမှာ မီးကပျက်သွားပါရော။ အထာမသိတဲ့ ဘုရားစောင်တန်းမှာ မှောင်ကြီးမည်းမည်း စမ်းပြီး ဘေးထိုင်ခုံ တွေပေါ် ငြိမ်ငြိမ်လေးထိုင်နေကာမှ ခွေးကဟောင်ပြီးပြေးလာလိုက်တာ။ အဲဒီစောင်းတန်းက မန္တလေးသူမိန်းကလေးတစ်ယောက်က ကူညီပေလို့ သာပေါ့။ `ကျွန်တော်လိုက်ပို့ပေးပါ့မယ်´ ဆိုတဲ့သူမရဲ့ စကားသံကို ခုထိ ကျေးဇူးတင်စွာ မှတ်မိနေဆဲပါ။ အဲဒီနေ့က မီးပျက်လို့ ဘုရားပေါ်ထိမရောက်ပဲ တောင်အောက်ပြန်ဆင်းခဲ့ပြီး နောက်နေ့မှ လင်းလင်းချင်းချင်းပြန်တက် လိုက်တယ်လေ။ ညဘက်တော့ မတက်ရဲတော့ပါဘူး။
မန္တလေးမှာ ကျွန်မတို့အားထားတဲ့ transportation way က ဆိုက်ကားနဲ့ လိုင်းကားပါ။ ဆိုင်ကယ်တွေကားတွေကြာမှာ ကျုံးတပတ်ပြည့်အောင် ဆိုက်ကားစီးခဲ့ရတဲ့ အချိန်ကလည်းအမှတ်တရပေါ့။ အငှားကားတွေကလည်း ဈေးကခေါင်ခိုက်နေတာလေ။ လိုင်းကားတောင် ရန်ကုန်နဲ့ယှဉ်ရင် မန်းလိုင်းကား တွေက ဈေးပိုကြီးတယ်။ ဆိုက်ကားကတော့ အတန်ဆုံးပဲ။ ဆိုက်ကားစီးရင်း ဆိုက်ကားဆရာတွေဆီက ဒေသန္တရ ဗဟုသုတ လည်းရတယ်။ လိုင်းကားတွေစီး တတ်သွားလို့ မင်းကွန်းသွားတဲ့ မော်တော်ဆိပ်ထိသွားပြီး မင်းကွန်းဘက်ထိ ခြေဆန့်ခဲ့တယ်။ ၄၅မိနစ်လောက်မော်တော်စီးရတာ တိုးတိုးဝှေ့ဝှေ့နဲ့ပေမဲ့ ပျော်စရာပါပဲ။ မင်းကွန်းမှာ နေပူကျဲတဲ လျှောက်ကြည့် ဓာတ်ပုံရိုက်ကြနဲ့ သွားလိုက်ကြတာ မင်းကွန်းဘိုးဘွားရိပ်သာ အရိပ်ကတော့ အေးချမ်းလှပါတယ်။
ရန်ကုန်နဲ့ တခြားနေရာက မိတ်ဆွေတွေဖို့ပေးတဲ့ နာဂစ်သတိပေးချက် Email တွေဖတ်ရတုံးက နာဂစ်ကို သိပ်မထင်မိဘူး။ ဒါပေမဲ့ မေလ ၄ရက်နေ့ ရောက်တော့ ရန်ကုန်ကို ဖုန်းဆက်မရတော့ဘဲ နောက်ထပ်သတင်းတွေ ကြားတော့မှ မုန်တိုင်းဒဏ်တော်တော်ခံလိုက်ရတာ မှန်းမိတယ်။ အိမ်ကို စိတ်ပူလို့ အမြန်ပြန်ချင်ပေမဲ့ ကားလက်မှတ်တွေက ၀ယ်မရဘူး။ လမ်းခဏပိတ်တယ်ဆိုလား။ နောက်ဆုံး (၇) ရက်နေ့ ပြန်ဖို့လက်မှတ်ရတော့ စစ၀ယ်ဈေးက မန္တလေး - ရန်ကုန် လက်မှတ်တစ်စောင်ကို ၁၂၀၀၀ကျပ်ပါ။ ဒါပေမဲ့ ကားပေါ်ရောက်မှ ၃၀၀၀ စီထပ်တောင်းလို့ ခရီးသည်အားလုံး မကျေမနပ် ပေးခဲ့ရတယ်။ သူတို့ကားပေါ်ရောက်နေပြီကိုး။ ဆီဈေးတွေတက်တာ ကျတာတော့ သိပ်မသိပါဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်ရပ်မျိုးကတော့ မရှိသင့်တာ အမှန်ပါပဲ။
အိမ်ပြန်ခရီးကို ဆက်ရေးရင်တော့ နာဂစ်မြင်ကွင်း တစိတ်တဒေသဘဲ ဖြစ်သွားတော့မယ်။ ဒါကတော့ စစချင်း သတိရသွားတဲ့ မန္တလေးခရီးရဲ့ နောက်ဆက်တွဲ တွေးမိတာလေးတွေပါ။
Saturday, March 7, 2009
ရင်ထဲကသစ်ပင်
ထပ်နေတဲ့ခေါင်းစဉ်တွေအစီအရီနဲ့
နှစ်က ဖျတ်ခနဲသစ်သွားပြီ
အသစ်လွင်ဆုံးမိနစ်တစ်ခုမှာ
ကြယ်ကြွေသယောင်နဲ့ ဆုတစ်ခုတောင်းလိုက်မိတယ်။
သစ္စာမဏ္ဍိုင်ဆိုတဲ့ စကားလုံးကို
ကုတ်ခြစ်သုံးချင်နေလို့
အမ်ပီသရီးလေးအကူအညီနဲ့
လူတစ်ယောက်ကို မေ့ချင်ယောင်ဆောင်နေရတယ်။
ထားပါ ဘုန်းနေသွန်းရယ်
အချစ်ဆိုတာ ဘယ်ရင်ကစခဲ့စခဲ့
ငါကတော့လမ်းမီးရောင်အောက်မှာ မင်းလို
စုစုအောင်ရယ်လို့ မညည်းနိုင်သေးဘူး
.......
အဲဒီညက
ကော်ဖီချန်ထားတယ်လို့သူပြောတယ်။
အဲဒီညမျိုးပဲ
ဟီးရိုးဆိုတဲ့တေးသံကြားမှာ
ငါက သာသာလေးအသက်ရှူနေခဲ့တယ်။
ခုလည်းအဲဒီညမျိုးပါပဲ။
ဒါပေမဲ့
မှောင်မည်းခြောက်ကပ်..
မြောက်ပြန်လေတောင်မတိုက်တဲ့ည။
ဆားကစ်ပြားအပျက်တွေရှေ့မှာ
ထောင်ချောက်ထဲတိုးဝင်ဖို့
ခဲတံကိုင်ထားတဲ့လက်တွေက တပြင်ပြင်
ထပ်နေတဲ့ခေါင်းစဉ်တွေ
နာရီမိနစ်စက္ကန့်တွေနဲ့
ရင်ထဲကသစ်ပင်..ရှင်သန်နေလိုက်ပုံများ။
Tuesday, March 3, 2009
ဒလမြို့…. Or my native Town Dalla
ဒလမြို့ဆိုတာ ကျွန်မရဲ့မွေးဖွား ကြီးပြင်းနေထိုင်ရာ မြေဖြစ်ပါတယ်။ ရန်ကုန်တစ်ဖက်ကမ်းမှာရှိပြီး ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်က့ မြို့ပါ။
ဒလကိုလာမယ်ဆိုရင်တော့ လမ်း ၂ လမ်းရှိပါတယ်။ တစ်လမ်းက ရမ်ကုန်မြစ်ကို သင်္ဘောနဲ့ဖြတ်ကူးပြီး ဒလကိုတိုက်ရိုက်ရောက်နိုင်တဲ့လမ်းနဲ့ လှိုင်သာယာတံတားကနေ ကားလမ်းတိုက်ရိုက်နဲ့ လာလို့ရတဲ့ လမ်းတို့ဖြစ်ပါတယ်။ လှိုင်သာယာဘက်က လာရင်တော့ အချိန်နည်းနည်းပိုပေးရလို့ များသောအားဖြင့်တော့ ဧည့်သည်တွေက ပန်းဆိုးတန်းကနေ သင်္ဘောနဲ့ဖြတ်ကူးပြီး ဒလကိုတိုက်ရိုက်ရောက်တဲ့ လမ်းကိုပဲ အသုံးများတယ်။
အဲဒီတော့ အရင်ဆုံး ပန်းဆိုးတန်းလမ်းမကြီးအောက်ဘက်အဆုံးက သင်္ဘောဆိပ် (ပန်းဆိုးတန်းဆိပ်) ကို အရင်ရောက်အောင်လာပေါ့။ ပြီးရင် ၁၀ ကျပ်ပဲပေးရတဲ့ သင်္ဘောစီးလက်မှတ်ဝယ် ပြီး သန့်ရှင်းတဲ့မြစ်လေကို ရှူလို့ ၁၀ မိနစ်လောက် သင်္ဘောစီးလိုက်တာနဲ့ ဒလကိုရောက်ပါပြီ။
ဒလဆိပ်ကမ်းဘက်ကိုရောက်တာနဲ့ မြို့ပြနဲ့လုံးဝအသွင်ကွဲသွားတဲ့ ပတ်ဝန်းကျင်က နှုတ်ဆက်နေမှာပါ။ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက်မျက်မှန်းတန်းမိနေတဲ့ ဒလသူဒလသားတွေအဖို့ ဧည့်သည်သူစိမ်းတွေဆို အနည်းအကျဉ်းတော့ ရိပ်မိတတ်ပါတယ်။
မြန်မာလူမျိုးတွေထုံးစံအတိုင်း တစ်ရပ်တစ်ကျေးရောက်တာနဲ့ နာမည်ကြီးဘုရားကျောင်းကန်တွေ သွားချင်တယ်ဆိုရင်တော့ သင်္ဘောဆိပ်နဲ့ လည်းမဝေးတဲ့ ဒလသင်္ဘောကျင်းရှေ့က ရွှေစာရံဘုရားနဲ့ မြို့အတွင်းပိုင်းက မဟာသင်္ကြန်ဘုရားကြီးကို ညွှန်းပါတယ်။ ရွှေစာရံဘုရားပရ၀ုဏ်ထဲမှာဆို လူတော်တော်စိတ်ဝင်စားပြီး လာကြည့်တဲ့ ရဟန်းတာ အရှင်မြတ်တစ်ပါးရဲ့ ရွှေရည်စိမ်ရုပ်ကလာပ်တော် ရှိတယ်။ အဲဒီရုပ်ကလာပ်ကိုတူးဖော်တွေ့ရှိခဲ့တာက ဒီဘက်ခေတ်ရောက်မှပါ။ ထူးဆန်းတာလေးတွေ မှတ်တမ်းတင်ချင်တယ်ဆိုရင်တော့ အံကိုက်ပဲ။
မဟာသင်္ကြန်ဘုရားကြီးဆိုရင်လည်း ရုပ်ပွားတော်မြတ်ကြီးတစ်ဆူကို တန်ဆောင်းထဲမှာ သွန်းလုပ်ပူဇော်ထားတာဖြစ်ပြီး အနီးက မဟာသင်္ကြန်ရေကန်နဲ့အတူ အေးအေးချမ်းချမ်းရှိလှပါတယ်။
ဒလကိုရောက်ရင်တော့ မြို့ထဲကိုဆိုရင် ဆိုက်ကားတို့ ဆိုင်ကယ် ကယ်ရီတို့နဲ့ကိုယ်သွားချင်တဲ့ နေရာကို ဈေးသက်သာစွာ သွားလို့ရပါတယ်။ ဒလကနေ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဖျာပုံ စတဲ့မြို့တွေဆီ ဆက်သွားချင်တယ်ဆိုရင်တော့ ဒိုင်နာ၊ ဟိုင်းလပ်၊ မှန်လုံယာဉ်၊ စူပါဆလွန်းအငှားကားတွေအပြင် ဆိုင်ကယ် ကယ်ရီတွေနဲ့ပါ လေတ၀ရှူရင်းသွားလို့ရတယ်။
ဒလရဲ့ အစည်ကားဆုံးနေရာကတော့ သင်္ဘောဆိပ်ပါ။ ကားဂိတ်နဲ့ သင်္ဘောဆိပ်က တွဲစပ်နေတာမို့ အမြဲမပြတ် လူတွေ ကားတွေ ဆိုက်ကား ဆိုင်ကယ် စက်ဘီးတွေနဲ့ စည်ကားနေတတ်ပါတယ်။ ရုံးတတ်ရုံးဆင်းချိန်ဆို အစည်ဆုံးပေါ့။
ဒလမြီု့သူမြို့သားအများစုက လက်လုပ်လက်စားဝန်ထမ်းတွေပါ။ အလုပ်တွေကလည်းရန်ကုန်မှာပဲ လာလုပ်တာများပါတယ်။ ဒီတော့ ရန်ကုန်မြစ်ကိုနေ့တိုင်းကူးပြီး အလုပ်ဆင်းကြတယ်။ တတ်နိုင်သူတချို့သာ ကိုယ့်မြို့မှာပဲ စီးပွားရေးတစ်ခုခုထူထောင်လုပ်ကြတယ်လေ။ ကျွန်မအပါအ၀င် အများစုကတော့ ရန်ကုန်ဘက်ကမ်းကို နေ့စဉ်နဲ့အမျှ အလုပ်တက်ဆင်းလုပ်နေတဲ့ သာမန်ဝန်ထမ်းလူတန်းစားတွေပါ။
………ဆက်ရန်။
Sunday, February 22, 2009
ဘုန်းနေသွန်း ရေးတဲ့...
Remembrance
ပျံသန်းသွားတဲ့ ငှက်ကလေး
တစ်ကောင်
နှစ်ကောင်
မျက်ဝန်းတွေကို မှိတ်ထားမိတယ်
နေဟာဝင်လုပေါ့ ။
.
.
Remembrance
ပျံသန်းသွားတဲ့ ငှက်ကလေး
တစ်ကောင်
နှစ်ကောင်
မျက်ဝန်းတွေကို ပိတ်ထားမိတယ်
ညနေတိမ်တွေရယ်
ပြန်မဆုံချင်တော့ပါဘူး ။
.
ဘုန်းနေသွန်း
Monday, February 16, 2009
ကျွန်မနှင့်ကားမှတ်တိုင်များ….
ဟိုဘက်ထိပ်ဒီဘက်ထိပ်ကြိုဆိုနေတတ်တဲ့ ကားမှတ်တိုင်အဟောင်းလေးနှစ်ခုကအစပြုခဲ့တာ ဆိုလည်းမမှားပါ။ အဲဒီခုနှစ်တွေတုန်းက ခပ်မွဲမွဲသွပ်မိုးလေးတွေပဲရှိပြီး ထိုင်ခုံမပါတဲ့ အညိုရောင်ကားမှတ်တိုင်ဟောင်းလေးတွေ ရှိနေသေးတဲ့အချိန်။ လှည်းတန်းလိုနေရာမျိုးမှာတောင် အမိုးအပြာရောင်တောက်တောက်နဲ့ လှလှပပ ပလပ်စတစ် ထိုင်ခုံတွေပါတဲ့ ခေတ်မီ ကားမှတ်တိုင် တွေရှိလာတာမကြာသေး။ နောက်ပိုင်းကျအဲဒီလိုကားမှတ်တိုင်တွေနောက်ခံမှာ
ကြော်ငြာဆိုင်းဘုတ်ကြီးတွေပါရောက်လာပြီး အနုပညာခင်းကျင်းမှုတစ်ခုလိုတောင်
ဖြစ်နေတတ်တဲ့ ကားမှတ်တိုင်တွေလည်း ရှိလာတယ်။ ဘယ်လိုပုံစံနဲ့ ဘယ်လိုခင်းကျင်းထားထား ဘယ်လိုမှတ်တိုင်ပဲဖြစ်ဖြစ် ရပ်ရမယ့်ကားတွေကတော့ ခရီးသည်အတက်အဆင်းချိန်လောက်ပဲ
ရပ်ပြီးနောက်ထပ်မှတ်တိုင်တွေရှိရာဆီ ခရီးဆက်နေရတာပဲ။ အဲဒီမှတ်တိုင်တွေထဲမှာ တချို့မှတ်တိုင်တွေက အမြဲလိုလို စည်ကားဆူညံနေတတ်သလို
တချို့လည်းစိမ်းလန်းငြိမ်းချမ်းလို့။
ကျွန်မကျောင်းသွားနေကျလမ်းပေါ်က ကားမှတ်တိုင်လေးနှစ်ခုကတော့ အမှတ်တရပါပဲ။ နာမည်တွေကတော့ ကျောင်းရှေ့မှတ်တိုင်..ကျောင်းလမ်းမှတ်တိုင်။ မိုးဖွဲဖွဲတွေမိုးသည်းသည်းတွေအောက်မှာအေးချမ်းတဲ့ ရင်ခွင်တစ်ခု
အမြဲဖွင့်ထားသလို ကြင်နာတတ်ဟန်ပေါက်နေတဲ့ကားမှတ်တိုင်ဟောင်းလေးများပါ။
တချို့ကျတော့လည်း ဘာအမှတ်အသားဆိုင်းဘုတ်မှမရှိပဲ သတ်မှတ်ချက်အရသာ
မှတ်တိုင်ဖြစ်နေရတဲ့ကားရပ်နားရာနေရာလေးများ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ကားမှတ်တိုင်များကိုစိတ်ဝင်စားသည်လေ။အဲဒါကြောင့်ပဲ
ကျွန်မဘ၀တစ်လျှောက်ကြုံခဲ့ရသည့်တချို့လူတွေ အဖြစ်အပျက်တွေကိုကားမှတ်တိုင်နေရာမှာ ထားမိတော့ အဲဒါတွေအားလုံးကတစ်နေ့နေ့တစ်ချိန်ချိန်မှာ မလွဲမသွေဖြတ်ကျော်ထားရစ်ခဲ့ရမယ့် သင်္ကေတအမှတ်အသားတစ်ခုသက်သက်လိုခံစားလိုက်ရတယ်။ ဒါပေမဲ့လည်း ပြန်ကြည့်လိုက်တိုင်း
အမှတ်ရနေစရာရပ်နားခဲ့ဖူးတဲ့ အရိပ်တစ်ခုဆိုတာတော့ လက်ခံရမယ်လေ။
BUS-STOP (1)
အမိုးအကာမဲ့သင်္ကေတမရှိ ဆိတ်ငြိမ်တဲ့ကားမှတ်တိုင်ပါ။ ကျွန်မလေးတန်းကျောင်းသူဘ၀ကမြန်မာစာဆရာ..။
ဆရာကအညာဇာတိဖြစ်ပြီး ကျောင်းမှပဲနေ ကျောင်းသားတွေကိုစာပြရင်းဘ၀မှာနေပျော်နေတဲ့သူ။ ကျွန်မကိုရေဆေးပန်းချီနဲ့ပထမဆုံးရင်းနှီးစေခဲ့ပြီး ကျွန်မလက်ရာပန်းချီတွေကိုကျောင်းကြော်ငြာသင်ပုန်းမှာကပ်လို့ ကျွန်မအိပ်မက်တွေကိုအရောင်တင်ပေးခဲ့တဲ့ဆရာပါ။ဒါပေမဲ့ သိသင့်တာမှန်သမျှကိုလေးတန်းကလေးလေးပါဆိုတဲ့သတ်မှတ်ချက်အောက်မှာ
ဖုံးကွယ်ခြင်းခံခဲ့ရတယ်လေ။
ကျွန်မတို့ဆရာရုတ်တရက်ပျောက်သွားပုံက ပဉ္စလက်တော့ဆန်တယ်။ တွေးကြည့်ဖို့လည်းကျွန်မဥာဏ်မမီပါ။သတင်းအစပျောက်သွားတဲ့ဆရာ့ကို ကျွန်မရဲ့ပန်းချီတွေကမျှော်နေကြဆဲ..ခုထိပါ။
BUS-STOP (2)
နူးညံ့သိမ်မွေ့မှု ရိုးရှင်းမှုတွေပါဝင်တဲ့တွယ်တာမှုတစ်ခု..။ သြဂတ်စ်နေ့လယ်ခင်းတစ်ခုကစခဲ့တဲ့အမှတ်တရပါ။ မျက်တောင်ရှည်ရှည်တွေပိုင်ဆိုင်တဲ့ အဲဒီအဖြူရောင်ကောင်လေးကိုကျွန်မက မိုးရေ လို့ဖြူဖြူစင်စင်ခေါ်ခဲ့တယ်။ သူ့လက်ထဲကစီးကရက်ရယ်၊ သူ့စက်ဘီးနောက်ခုံကကောင်မလေးရယ်၊ ကျွန်မလွယ်အိတ်ထဲကသူ့နာမည်တစ်လုံးပါတဲ့စာအိတ်ပြာတွေရယ်၊…။
အဲလိုနဲ့ပဲကျောင်းဖွင့်လိုက်ကျောင်းပိတ်
လိုက်နဲ့မျိုသိပ်ခဲ့ရတဲ့ရင်ထဲက ရာသီမှာမိုးစက်တွေက အသန့်ရှင်းဆုံးဇာတ်လိုက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ထိသူ့ကိုမပြောပြနိုင်သေးတာကတော့ အမှတ်တရဖြစ်စေတဲ့အကြောင်းရင်းများလားမသိပါ…။
အရောင်ခြယ်ရမယ်ဆိုရင်တော့အဖြူရောင်။
ပြီးတော့….အစိမ်းရောင်။
BUS-STOP (3)
အာ၊ဘေ၊ဆေ၊ဒေ ဆိုပြီးပြင်သစ်စာကိုကကြီးခခွေးကစသင်ပေးခဲ့တဲ့ဆရာမ။ ကျွန်မရဲ့ချစ်လှစွာသောကားမှတ်တိုင်လေးပါ။ခန့်ညားထယ်ဝါမှု၊နွေးထွေးမှုတွေလွှမ်းခြုံနေတဲ့ထိုမှတ်တိုင်လေးမှာ အကြာကြီးရပ်နားထားချင်ပေမဲ့ကျွန်မကြာကြာရပ်ခွင့်မရခဲ့။ဒုတိယနှစ်မှာပဲထိုမှတ်တိုင်ကအဝေးထွက်သွားတော့
မယ်ဆိုတော့ “ယတဲန်းမ်” လို့စတင်ပြောတတ်နေပြီဖြစ်တဲ့စကားသံတွေနဲ့ ဒဂုံမန်းရထားအောက်မှာနုနုနယ်နယ်မျက်ရည်တွေဝေခဲ့ရတယ်။ ပြန်ကြဆိုတဲ့ဆရာမစကားသံက ခုထိကြည်လင်နေဆဲ။ ရထားသံလမ်းတွေကတော့ ရက်စက်စွာ ဖြောင့်တန်းလို့လက်ပြရုံပဲတတ်နိုင်ခဲ့ရတာပါပဲ။ တွေးမိတိုင်းအစအဆုံးအရောင်ထင်လာတတ်တဲ့ကားမှတ်တိုင်လေးပါ။
BUS-STOP (4)
ရင်ခုန်သံတွေနှေးလိုက်မြန်လိုက်နဲ့ သုံးရာသီကိုလှလှပပဖြတ်ကျော်ခဲ့တဲ့မှတ်တိုင်။ အဖြူရောင်ကြိုးတစ်ချောင်းနဲ့ တုတ်နှောင်မိတဲ့အချိန်ကစပြီး ကျွန်မဒိုင်ယာရီထဲ သူရိုးရိုးသားသားစတင်ပါဝင်လာခဲ့
တယ်။ တရိရိနဲ့အိပ်မက်တွေပေးလိုက်ရတော့မှ အလန့်တကြားနဲ့မှောင်ကြီးမည်းမည်း ငုတ်တုတ်ထထိုင်မိတဲ့
အဖြစ်။ တကယ်ဆို ကျွန်မကအဲဒီကားမှတ်တိုင်လေးကိုအရမ်းချစ်ခဲ့ပါတယ်...အလွမ်းတွေ တဝေတဆာနဲ့နေ့တချို့လည်း ရှိခဲ့တယ်။ ဒါပေမဲ့ကိုယ်ပေးချင်တဲ့ စကားလုံးတွေက သူ့အတွက်အမှိုက်တွေဖြစ်လာတဲ့အခါ ကယ်သူမရှိတဲ့နေ့ရက်တွေဖြစ်ကုန်ရောလေ။ဒီလိုနဲ့ all trash ဖြစ်ခဲ့ရတဲ့စကားလုံးတွေနောက်မှာ ကိုယ်ဦးနှောက်ကိုယ်မောင်းနှင်ရင်းပဲ ညင်ညင်သာသာဖြတ်ကျော်ခဲ့လိုက်တဲ့ အရောင်လွင်လွင်ကားမှတ်တိုင်…။နောက်ခံသီချင်းကတော့
စည်သူလွင်ရဲ့ ..သူငယ်ချင်း။
BUS-STOP (5)……………..
………………………………………..
…………………………….
......................
............
ရှိနေဦးမှာပါ။
ဒီလိုနဲ့ ကားမှတ်တိုင်တွေနဲ့အတူ ကျွန်မရှင်သန်နေဖြစ်ပါဦးမယ်။ ။
..
လရိပ်ပြာ