Saturday, March 7, 2009

ရင်ထဲကသစ်ပင်

ခက်နေပြန်ပါပြီ
ထပ်နေတဲ့ခေါင်းစဉ်တွေအစီအရီနဲ့
နှစ်က ဖျတ်ခနဲသစ်သွားပြီ
အသစ်လွင်ဆုံးမိနစ်တစ်ခုမှာ
ကြယ်ကြွေသယောင်နဲ့ ဆုတစ်ခုတောင်းလိုက်မိတယ်။
သစ္စာမဏ္ဍိုင်ဆိုတဲ့ စကားလုံးကို
ကုတ်ခြစ်သုံးချင်နေလို့
အမ်ပီသရီးလေးအကူအညီနဲ့
လူတစ်ယောက်ကို မေ့ချင်ယောင်ဆောင်နေရတယ်။
ထားပါ ဘုန်းနေသွန်းရယ်
အချစ်ဆိုတာ ဘယ်ရင်ကစခဲ့စခဲ့
ငါကတော့လမ်းမီးရောင်အောက်မှာ မင်းလို
စုစုအောင်ရယ်လို့ မညည်းနိုင်သေးဘူး
.......
အဲဒီညက
ကော်ဖီချန်ထားတယ်လို့သူပြောတယ်။
အဲဒီညမျိုးပဲ
ဟီးရိုးဆိုတဲ့တေးသံကြားမှာ
ငါက သာသာလေးအသက်ရှူနေခဲ့တယ်။
ခုလည်းအဲဒီညမျိုးပါပဲ။
ဒါပေမဲ့
မှောင်မည်းခြောက်ကပ်..
မြောက်ပြန်လေတောင်မတိုက်တဲ့ည။
ဆားကစ်ပြားအပျက်တွေရှေ့မှာ
ထောင်ချောက်ထဲတိုးဝင်ဖို့
ခဲတံကိုင်ထားတဲ့လက်တွေက တပြင်ပြင်
ထပ်နေတဲ့ခေါင်းစဉ်တွေ
နာရီမိနစ်စက္ကန့်တွေနဲ့
ရင်ထဲကသစ်ပင်..ရှင်သန်နေလိုက်ပုံများ။

No comments: