Tuesday, March 27, 2018

ချစ် ခင် မြတ် နိုး ခြင်း … မေ တ္တာ များ စွာ ဖြင့်

.........
ချစ်သူ အတွက်ပေါ့
အမြဲတမ်း စဉ်းစားလာတဲ့ စကားလုံးတွေကို စာရွှက်ပေါ် ချရေးဖို့ ပြင်ဖြစ်တယ်
ပထမဆုံး စကားလုံးကတော့ … အချစ်ပေါ့
ဒုတိယမြောက်ကတော့ … ပျော်ရွှင်ချမ်းမြေ့ခြင်း
တတိယ စကားလုံးက … ချမ်းသာအောင်မြင်မှုပါ
ချစ်သူရဲ့ဘဝမှာ အဲဒီစကားလုံးတွေချည်း လွှမ်းမိုးနေပါစေ
များပြားလှတဲ့ အလုပ်တွေကြားမှာ
မနက်ခင်း နေရောင်ခြည်ကိုလည်း ခံစားနိုင်ပါစေ
နေဝင်ချိန်အိပ်တန်းတက်ငှက်ကလေးတွေရဲ့ တေးသံကိုလည်း နားဆင်နိုင်ပါစေ
ကိုးကွယ်ရာဘုရားရှင်ကို ဝတ်ပြုနှုတ်ဆက် တစ်လောကလုံးကိုလည်း မေတ္တာပွားများနိုင်ပါစေ ချစ်သူ
နဖူးကချွေး ခြေမ ကျအောင် ကျွေးမွေးပြုစုခဲ့တဲ့ မိခင်ကိုလည်း ကန်တော့
ဒါမှမဟုတ် ဖုန်းဆက်ပြီး ကျေးဇူးတင်ကြောင်း နေကောင်းပါစေကြောင်း ပြောပေါ့
ဝန်းရံစောင့်ရှောက်ပေးတဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း မေတ္တာပါးရင်း
ဆွေမျိုးသဖွယ် အမြဲရှိနေပေးတဲ့ မိတ်ဆွေတွေကိုလည်း အမှတ်ရလိုက်ပါ
နောက်ထပ် အရေးကြီးတာလေး ရှိသေးတယ် ချစ်သူ
သူမျက်ဝန်းလေးတွေနဲ့ အရာရာကို အောင်နိုင်တတ်တဲ့ နှလုံးသည်းပွတ် သမီးလေးပေါ့
သမီးလေးဟာ တို့ဘဝတွေအတွက် မောင်းနှင်အားဖြစ်တယ်လေ
သူလေးကို လိမ္မာ တတ်သိတဲ့ လူသားတစ်ယောက်ဖြစ်အောင်လည်း သွန်သင်ထိန်းကျောင်းပေးပါဦး
ချစ်သူ ကိုယ်တိုင်လည်း ပတ်ဝန်းကျင်ကို အကျိုးပြုသူ တစ်ယောက် ဖြစ်ပါစေ
လောကကြီးကို ပခုံးဝိုင်းထမ်းပေးမယ့် ခွန်အားရှိတဲ့ စိတ်ဓာတ်ပိုင်ရှင် ဖြစ်ပါစေကွယ်
တစ်ဖက်ကလည်း …
ချစ်သူရဲ့ အတိတ် ပစ္စုပ္ပန် အနာဂတ် အားလုံးအတွက် အားအင်တစ်ခုဖြစ်ရပါလို၏
ချစ်သူရဲ့အနားက ပါရမီဖြည့်ဖက်တစ်ယောက်အဖြစ် အမြဲရပ်တည်ရပါလို၏လို့
ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆုတောင်းပါရစေ
မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေ
ပြီးတော့ …
ချစ်သူအပါးကို ပျော်ရွှင်ချမ်းမြေ့မှုအပေါင်း ခစား ရောက်ရှိကြပါစေ။

 လရိပ်ပြာ
(6 February 2018) Tuesday 11:38 pm 

No comments: