Monday, December 29, 2008

ဘုန်းနေသွန်းရဲ့လက်ရာ...

ရင်ကွဲနာ

မိုးတွေရွာနေတဲ့အခါ
မင်းမှာအရိပ်တစ်ခုရှိနေရဲ့လား
မသိစိတ်က
နောင်ဘ၀အထိဖျက်လို့ပြင်လို့မရတဲ့
ကျောက်စာ.......

Friday, December 5, 2008

ညီမျှခြင်း

လောကကြီးကမရှိတာကိုအရှိလုပ်ပြီး
ညီမျှခြင်းဆိုတဲ့ဝေါဟာရနဲ့သင်္ကေတကိုဖန်တီးထားတယ်
၁=၁ ဆိုတာမှာတောင် ၁ ချင်းက အရွယ်တူချင်မှတူမယ်
ဘယ်မှာတူညီမျှနေလို့တုန်း
၁၀ တန်ပါတယ်လို့တံဆိပ်ကပ်ထားရုံနဲ့လည်း
ပစ္စည်းတစ်ခုက အဲဒီလောက်တန်ဖိုးနဲ့ညီတယ်လို့မဆိုသာပါဘူး

လွမ်းတဲ့ည

အချစ်ဆိုတာကိုကြောက်ပါတယ်
ဒါတောင်
ဒီညအလွမ်းတွေသည်းနေသေး
နေထွက်နေ၀င်တွေက မဆန်းဘူးကွယ့်

Sunday, November 16, 2008

လရိပ်ပြာသို့..........

လရိပ်ပြာရေ....
အားပါးတရရယ်နေလိုက်စမ်း
အစွန်းရောက်တယ်ဆိုတာဘာမှမကောင်းဘူးလေ
မျှော်လင့်ချက်ဆိုတာတော့ရှိပစေ။
နှစ်တိုင်းတရားစခန်းတွေပြေးပြေးနေတာတောင်
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်
တစ်သားတည်းမကျသေးတာစဉ်းစားစရာ။
လရိပ်ပြာ....
မနှစ်ကပိတောက်တွေလို
ဒီနှစ်လည်းဝါထိန်စွာလှနေဦးမှာလို့တော့မထင်ချေနဲ့
သူ့သဘော...ကိုယ့်သဘော...
ဘယ်အရာကမှဘယ်အရာကိုမပိုင်လေဘူး။
မနက်ဖြန်သန်ဘက်ဆိုပဲ
အကြိမ် ၃၀ မြောက်လက်ဆောင်ရတော့မယ်
လိုချင်လောဘတွေဝေနေမြဲပါလား။
လရိပ်ပြာ....
တစ်ခုရှိသေးတယ်
ဘယ်သူ့ကိုမှအစွန်းရောက်မချစ်မိလေနဲ့တဲ့
ပူပြင်းတဲ့ဓာတ်ခံတစ်ခုနဲ့တော့ထင်ရာလျှောက်မလုပ်နဲ့ပေါ့
သက်ရှိတွေကိုနားလည်ပေးလိုက်ပါ
မပိုင်တဲ့ဖြစ်တည်မှုတွေနဲ့
တံခါးတစ်ခုကိုအတူခေါက်နေရတဲ့ သူတွေချင်းပဲလေ။ ။

Wednesday, November 5, 2008

ကျွန်မနှင့်သူငယ်ချင်းများ........



ချင်းမိုင်မှာ ၃ လအတူနေခဲ့တဲ့ သူငယ်ချင်းများ

Mekong Performing Arts Laboratory


ချင်းမိုင်ရောက်မြန်မာအနုပညာရှင်တွေရဲ့ဖျော်ဖြေမှု

၅ ရက် နိုဝင်ဘာလ ၂၀၀၈ ခုနှစ်
Lanna Western Art School
Chiang Mai

Thursday, October 30, 2008

မနက်ဖြန်များစွာရဲ့လူ….

မနက်ဖြန်များစွာရဲ့လူ….

မင်းကိုငါ မတွေးမိဘူး
ဒါပေမဲ့ ငါ့အာရုံတွေထဲမှာ
မင်းရဲ့သဏ္ဍာန်က မားမတ်စွာသူရဲကောင်းဆန်နေလိုက်နေပုံများ။

တစ်ခါတလေဆို တိတ်ဆိတ်ငြိမ်သက်စွာ
အပြစ်ကင်းစင် ကြည်ကြည်လင်လင်
ငါ့အနားက နတ်လုလင်တစ်ပါးရယ်။

မင်းရဲ့တေးသံမှာ ငါကညင်ညင်သာသာစီးဆင်းလို့
မင်းရဲ့စကားသံမှာ ငြိမ့်ငြိမ့်ညောင်းညောင်းမျောပါလို့
ပြတ်ထင်လှတဲ့သက်တန့်တရှိုက်မှာ
အရူးအမူးဖြစ်သွားလိုက်တာ
အညတရဆန်တယ်ဆိုလည်းဆိုစေတော့။

လောကကြီးကိုက ပြကွက်တွေဆန်းနေတတ်တော့
ရင်တစ်ဆောင်လုံးလည်းတခမ်းတနားပါပဲ
အရုပ်ကြိုးပြတ်ရှိုက်လိုက်ရတဲ့ သက်ပြင်းတွေက
မနက်ဖြန်တွေထဲ အစီအစဉ်တကျသိမ်းပိုက်လို့
နယ်မြေသစ်စကားလုံးတစ်ခု ငါဖန်တီးရဲခဲ့လေပြီ။ ။


လရိပ်ပြာ

ဂျစ်ပစီမိုးတိမ်

ငယ်ငယ်က ချာတိတ်အရွယ်ကျောင်းနေတုန်း
လူတကာလိုမဟုတ်ဘူးအရမ်းကိုဆိုး
လူလိမ္မာတော့မဖြစ်ချင်ခဲ့
ကဲ--အခုတော့ဘယ့်နဲ့လည်း

စာသင်ဖို့ဆိုတာစိတ်တွေပျက်
ဘီတယ်သီချင်း ကျက်နေခဲ့
ကမ္ဘာကျော် ကဗျာတွေဖတ်ပြီအချစ်ကိုတွေ
အသည်းကွဲတတ်ပြီလေ

ငါဟာ မတည်ငြိမ်တဲ့ မိုးတိမ်ပဲ
ကနေတဲ့ဇာတ်လမ်းမှားနေပြီ
လယ်လိုနေထိုင်ရမလည်း ဘ၀ဆိုတာ
အိုး ပြဇာတ်တစ်ပုဒ်ပါပဲ

ပီကာဆိုဘ၀ ငါလေရခဲ့ချင်ရဲ့
ဝါရင်ဘီတီ လိုလည်းဖြစ်ချင်ခဲ့
ဘီလီယံဒေါ်လာတွေထက်အဖိုးတန်းတဲ့
စိတ်ကူးတွေ ရှိနေ ခဲ့- - - - -

ဒါတွေဘယ်တော့ဖြစ်မလည်း ဟေ့အချစ်
နေရာ အခွင့်ရေးပဲပေးလိုက်စမ်း
ဘယ်လိုဖြစ်မလည်း ကြည့်နေ
အချိန်နဲ့ တိုင်းတာမယ် - - - -- -- - -- - -

ငါဟာမတည်ငြိမ်မိုးတိမ်ပဲ
ငါဟာဂျစ်ပစီပဲဟေ ခရီနှင်နေ
ကြိုတင်ကာ ဇာတ်ညွှန်းဖတ်မလာသူ
ဘ၀ဟာ မင်းသားတစ်ယောက်ပါပဲ

ငါ့ကိုဘာထင်ထင်ဘာဖြစ်လည်း
အိုကွယ်အချစ်လေးရှိနေတယ်
ဘီလီယံဒေါ်လာတွေထက် အဖိုးတန်တဲ့
စိတ်ကူးတွေ ရှိနေတယ်

ဘယ်လိုထင်ထင်ဖြစ်တယ်လေ
ထာဝစဉ် မှန်ကန်တဲ့တရားမရှိနိုင်ပါ
တစ်ချပ်မှောက်တဲ့ ကစားပွဲများ
အဖြေဟာ ၀ိုင်းသိမ်းတော့မှသိမယ်လေ

ငါထာဝစဉ် မတည်ငြိမ် မိုးတိမ်လို
ဂျစ်ပစီလို မရပ်မနား ခရီးနှင်နေ
ဂငယ်ကွေ့ တွေ အပြည့် နဲ့ လမ်းပေါ်မှာ
ငါလျောက်ခဲ့မိပြီလေ

ဘ၀က အပြောင်းကြီးပြောင်းလဲခဲ့
မရည်ရွယ်တာအကုန်လုံးဖြစ်လာတယ်
ကြိုတင်ကာဇာတ်ညွှန်း ဖတ်မလာသူ
ဘ၀ဟာ မင်းသားတစ်ယောက်လိုပဲ

အရာရာဟာ အချစ်ရေ မတည်ငြိမ်ဘူး
ငါနေထိုင် လာတဲ့ နှစ်က သုံးဆယ်
မယုံနိုင်ဘူး ရုပ်ရှင် ကြည့်ရသလို
ဘ၀ ကဆန်းကြယ်တယ်- - - - - - - - -- ။

Wednesday, October 29, 2008

ရိုးရိုးသားသားချစ်ခြင်း


ကလေးရေ.......
မင်းမျက်ဝန်းတွေကိုမြင်တော့
စကြ၀ဠာထဲက ကြယ်တွေကိုလွမ်းသွားမိတယ်
မင်းရယ်သံဟာ
ငါ့အတွက် လိပ်ပြာတောင်ပံခတ်သံလေးဆိုလည်းဟုတ်တယ်။

အဝေးကြီးမသွားနဲ့  ကလေးရယ်........
အဲဒီလို မတားရက်လို့ 
မင်းရဲ့ ခြေသံတွေကိုပဲ တယောတေးသွားတစ်ပုဒ်လို
ခေါင်းငုံ့ ရင်ခုန်ခဲ့တယ်။

ညတွေထဲငါလမ်းပျောက်နေချိန်ဆို
ကလေးကို အိပ်မက်လှလှလေးမက်စေချင်ရဲ့ ......
နှစ်ဆယ့်ငါးနှစ်ပတ်လုံး စုဆောင်းထားခဲ့တဲ့ပျော်ရွှင်မှူတွေ
ကလေးအတွက်လက်ဆောင်မွန်အဖြစ်ထုတ်ပိုးပေးလိုက်မယ်
မင်းကကျေးဇူးတင်ပါတယ်လို့ မပြောနဲ့ ပေါ့။

ဝန်ခံပါတယ်ကလေးရယ်.......
ငါဟာမင်းပြတင်းပေါက်မှာသာနေတဲ့ လတစင်းဖြစ်ချင်လည်း
(လေတိုက်လို့ ပဲဖြစ်ဖြစ်)
ဖျက်ခနဲပိတ်ချသွားမယ့် တံခါးရွက်တွေရဲ့ အသံကို
စိုးရွံ့ သိမ်ငယ်နေမိတာတော့ အမှန်ပဲ ။ ။


လင်းပြာနွေ

ရွာလေးတစ်ရွာ

ရွာလေးတစ်ရွာ


မေ့လျော့မှုတွေဟာ
ငါတို့ သမိုင်းကို ကြမ်းရိုင်းစေတာပဲ

လူ့အဖြစ်ကို သေချာဖို့ အတွက်
အဓိပါယ်မဲ့ လက်မှတ်တစ်စောင်
နေလောင်နေတဲ့ မြို့ ရဲ့ပုခုံးသား
သူတို့သားအမိတွေ အဲဒီရွာလေးကို ရောက်လာခဲ့တာ

"ရော့ အမေ... အဲဒီမှာ ဂါလံပုံး
နောက်ဆုံးအချိန်အထိ အရှုံးမပေးနဲ့
ပြေးတော့ အမေ "

အသက်ဆိုတာကလည်း
လုယူရမှ တန်ဖိုးပိုရှိတာ...
မျက်လုံးထဲမှာ အိမ်လောက်မြင့်တဲ့လှိုင်းလုံးကြီ
းတွေ
တစ်ကိုယ်လုံးကို မီးတောက်လိုဝါးမြိုခဲ့ပြီး
နားတွေထဲမှာတော့
ငရဲဟာ ပင်လယ်ကလာတာလို့ ကြားနေရတယ်

"ပင်လယ်ကို မချစ်ပေမယ့်
ကျွန်မတို့ သားအမိတွေ ပင်လယ်မှာ နစ်ကြရတာပဲ"

"သားရေ...
သားလေး...
ဒီရွာမှာသေမင်းလက်လှမ်း မမှီတဲ့ နေရာ
မရှိတော့ဘူးလားသားရေ"

"အစ်မက သူ့သားလေးကို ကုန်းမြင့်တဲ့ နေရာမှာတင်ပြီး
ထွက်ပြေးတယ်...
အမေရယ် ဘယ်အထိများပြေးနိုင်ခဲ့တာလဲ"

ကြွေးဟောင်းလည်းမဆပ်နိုင်ခဲ့
ကြွေးသစ်လည်း မချနိုင်ခဲ့တာ
ဟော့ဒီမုန်တိုင်းပါပဲ
ဒီရေ လှိုင်းလုံးကြီးတွေ တ၀ုန်းဝုန်း တက်လိုက်ဆင်းလိုက်
အဆိပ်မြားလို မိုးရေစက်တွေက
ဘ၀အားလုံးကို စုတ်ပြတ်သွားစေခဲ့တယ်

"တိုက်နေတဲ့ လေကြမ်းတွေစဲ
ဒီလှိုင်းလုံးကြီးတွေ ပြန်ဆွဲသွားတော့
ကျွန်မဖက်ထားတဲ့ သစ်ပင်နဲ့ ကျွန်မကျောပြင်
ခွဲခြားလို့ရမယ် မထင်တော့ဘူး"

"အမေရယ် ၊ အစ်မရယ်၊ တူလေးရယ်
တစ်ရွာလုံးလည်း မြေပုံထဲကဆွဲဖယ်ခံ ရသလို
ပျောက်ဆုံးသွားလိုက်တာ
အသက်ဆိုတာ
လှိုင်းရိုက်ပြီး သောင်စပ်မှာ လာတင်တဲ့
အမှိုက်တွေ လိုပါပဲ အမေ"

ရွာလေးတစ်ရွာပေါ့
ရက်လည်ဆွမ်းသွပ်ဖိတ်စာတစ်စောင်တည်းမှာ
နာမည်သုံးခုရိုက်ထည့်ပြီး
မြစ်ဝကျွန်းပေါ်ရဲ့ အရိုင်းဆုံးသမိုင်း
မုန်တိုင်းကို သရုပ်ဖော်ခဲ့ကြတယ်။ ။


မင်းစိုးရာ

သိုးမည်း

သိုးမည်း
တစ်လှေလုံးပုပ်မယ့်
ငါးခုံးမလေးတစ်ကောင်
မှောင်နေတော့ ကိုယ့်အရိပ်ကိုယ်မမြင်ရဘူး
ဆံပင်တွေရှည်ပြန်ပေါ့
ဖိနပ်ပြတ်ပြန်ပေါ့
ဆွေပြမျိုးပြထဲ ငေါထွက်နေတဲ့ အစွန်းတစ်စ
ပျော်ရွှင်မှုဟာငါ့ဆီမှာနေဖို့ ပျော်ရွှင်ပုံမရဘူး
အခုစဉ်းစားနေတာ...
ခန္တာကိုယ်မှာ ဘယ်အစိတ်အပိုင်းကိုဖြတ်တောက်ပစ်လိုက်ရင်
အညံ့တွေပျောက်မလဲ
တစ်ယောက်တည်းတွန်းရွေ့ရတဲ့
မျက်နှာမွဲမွဲ တစ်ကဘာ
ကျောက်ခဲလေးနှစ်လုံးနဲ့ မီးခတ်ကူးစက်ခဲ့ပေါ့
ဒဏ်ရာ...။ ။
မင်းစိုးရာ

su

သတိရတိုင်း
ပြီးခဲ့တဲ့အတိတ်ကို ပြန်တွေးမိတယ်
အချစ်ဆိုတာဘယ်ရင်ကစခဲ့သလဲ
မင်းမသိတဲ့
အိပ်မက်တွေကို ဘယ်လိုမေ့လို့ရမလဲ
အတွေးထဲနင့်မျက်ဝန်းလေးအညိုရောင်
အချိန်တိုင်း နင့်ရဲ
အကြောင်းလေးတ၀ဲလည်လည်
စာရွက်အလွတ်မှာနင့်နာမည်တွေအပြည့်ချရေးလို့
ကျားနာဟာအဲဒီဒဏ်ရာမှာသာယာနေခဲ့တာပေါ့
သူငယ်ချင်းမလေးစုစုအောင်ရယ်….………….
ကြယ်ကြွေတိုင်း……ငါဟာဆုတောင်းမှားခဲ့တယ်
တစ်ယောက်တည်းအလွမ်းက
ချစ်ခြင်းတရားနဲ့ တောက်ပတယ်
အထီးကျန်အလေအလွင့်စိတ်နဲ့
အဆုံးအစမရှိဒဏ်ရာ……..
နင့်ဆံနွယ်တွေသာငါ့ညတွေမှာ ရစ်ပတ်တွယ်နှောင်လို့………။ ။


ဘုန်းနေသွန်း
October 20th, 2008 at 5:32 am

ငှက်ကလေး

မင်းလာနားပုံကမယုံနိုင်စရာတိုးတိတ်ညင်သာလွန်းရဲ့
ရှုခင်းမဲ့ပြတင်းပေါက်အသေထဲ
မင့်ရဲရင့်ဖျတ်လတ်တောင်ပံခတ်သံနဲ့
အမှန်တွေဟာသက်ဝင်လင်းပြက်လို့

ငှက်ကလေး...
မင်းဟာ ကမ္ဘာဦးဂူနံရံမှာ
ငါရေးခြစ်ခဲ့တဲ့
သိစိတ်မဲ့ပန်းချီကား
အလင်းကန်းနေတဲ့ မျက်လုံးတွေရဲ့တံခါးကို
မင်းရင်ထဲကသီချင်းစာသားနဲ့ ဖွင့်ခဲ့တယ်...

အရှုံးမဟုတ်ဘူး ငှက်ကလေး...
ငြိမ်းချမ်းရေးဆိုတာချစ်ခြင်း မေတ္တာရဲ့ ထိုးမြဲလက်မှတ်ပါ
မင်းပျံသန်းသွားပြီးတဲ့နောက်မှာငါဟာ ငြိမ်းချမ်းစွာချစ်ခဲ့တယ်...
ငါဟာငြိမ်းချမ်းစွာ...
ငါဟာ...

ငှက်ကလေး...
မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ
ငါ့အမှောင်စိတ်သွေးတိတ်ခဲ့ပေါ့
မရေရာသူတွေရဲ့ စကားမှာတော့
မင်း ပျံသန်းပျောက်ပျက်ခဲ့ပြီတဲ့
ရင်ထဲကိုလာနားတဲ့ ငှက်ဆိုတာ
တစ်သက်လုံးပျောက်ပျက်ဖို့ ပျံသန်းမှာ မဟုတ်ဘူး
ငါ အဲဒီလို ယုံကြည်ဖွဲ့ဆိုခဲ့တယ် ။ ။


မင်းစိုးရာ