Sunday, April 8, 2012

အချစ်ရဲ့ ဖြစ်တည်ခြင်း

အချစ်
 
သို့တည်းမဟုတ်
ချစ်ခြင်းတရားတစ်ခု အကြောင်းပါ
ငါ ပိုင်ဆိုင်တဲ့ ချစ်ခြင်းတရားလို့ သတ်မှတ် လိုက်ပါစို့ရဲ့

အဲဒီ
ငါ့ရဲ့ ချစ်ခြင်းတရားမှာ
နေ့စွဲတွေ မရှိဘူး
အချိန်နာရီတွေ မရှိဘူး
နေ့တွေ ညတွေ မရှိဘူး
သန်းခေါင်တွေ မွန်းတည့်တွေ မရှိဘူး
နေဝင်ခြင်း မိုးချုပ်ခြင်းတွေ မရှိဘူး
အစဉ်စီးဆင်းနေတဲ့ မြစ်တစ်စင်းရဲ့ သဘောတရား တွေပဲ တွေ့ရမယ်ကွယ့်

ကမ္ဘာကြီးဟာ လည်နေပါရဲ့
အလင်းနဲ့ အမှောင်တို့ တစ်လှည့်စီ ငါတို့ထံ လာလည်ရင်း
၂၄ နာရီစီ စီစီရီရီ ထည့်ထားတဲ့ နေ့စွဲတွေကို အတင်း ငါတို့ လက်ထဲထည့်
အဲဒီ နေ့စွဲတွေ
ငါတို့ ဘဝတွေကို မသပ်မရပ် ဖြစ်စေခဲ့တဲ့ အဲဒီ နေ့စွဲတွေ
ငါတို့ အချိန်တွေကို လောဘတကြီး စားသုံးသွားတဲ့ အဲဒီ နေ့စွဲတွေ
အဲဒီ နေ့စွဲတွေကြားမှာ မဖြစ်မနေ ရှင်သန်ရင်း
ကောင်းကင်က ပေးတဲ့ လက်တစ်စုံ
မမျှော်လင့်တဲ့အချိန်မှာ ငါ့လက်ထဲ တည့်တည့် မတ်မတ် ရောက်လာတယ်
ချစ်ခြင်းတရားနဲ့ တလက်လက် တောက်ပ
စိတ်ချမ်းသာခြင်း ဒီဂရီ အမှတ်တွေ ထိုးတက်စေတဲ့ အဲဒီ လက်တစ်စုံကြောင့်
 
အချိန်တွေကို စားသုံးနေတဲ့ နေ့စွဲတွေဆိုတာ ဘာမှ မဟုတ်တော့ဘူး
အလင်းတွေ အမှောင်တွေ ဆိုတာ ဘာမှ မဟုတ်တော့ဘူး
သန်းခေါင် မွန်းတည့် ဘာအရေးလဲကွယ်

ပြောရဦးမယ်
ငါ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ဟောဒီ လက်တစ်စုံဟာ
 
ရွှေအတိပြီးတဲ့ ရုပ်တုတစ်ခု မဟုတ်
ကျောက်မျက် ရတနာပေါင်း များစွာ မွမ်းမံ စီခြယ်ထားတဲ့ ဆင်ယင်စရာ ပစ္စည်းတစ်ခုလည်း မဟုတ်
ဧည့်ခန်းမှာ အလှဆင်တဲ့ တန်ဖိုးကြီး ပန်းချီကား တစ်ခုလည်း မဟုတ်
တစ်စုံတစ်ယောက် ဒါမှမဟုတ် မိသားတစ်စုအတွက်
ကံက သီးသန့် ဖြစ်တည်ခွင့် ပေးထားတဲ့ သမားရိုးကျ ရှင်သန်မှု တစ်ခုသာ ဖြစ်တယ်
အဲဒီ ဖြစ်တည်မှုကို ငါက ချစ်တာ …. ဒါပါပဲ။


-လရိပ်ပြာ-
၂ဝ နိုဝင်ဘာ ၂ဝ၁၁ (Sun)

No comments: