Wednesday, May 15, 2024

ဝသုန္ဓရေ (Vasundri)

ဝသုန္ဓရေ (Vasundri) - 15x22" (Watercolor)

ဝသုန္ဓရေနတ်သမီး...
ဝသုန္ဓရေမြေစောင့်နတ် ဆိုသည်မှာ အကြမ်းသဘောဆိုရလျှင်ဖြင့် သင်သေဆုံးပြီးနောက် ယမမင်းထံရောက်သွားပါလိမ့်မည် ( ယမမင်း ဆိုသည်မှာ ဗုဒ္ဓဘာသာအဆိုအရ သေဆုံးပြီးလူတဦးတယောက်၏ ဝိဉာဏ်အား နတ်ပြည်၊ ငရဲပြည် စသည့် ၃၁ ဘုံ တခုခုသို့ ပို့ဆောင်ပေးရန် ဆုံးဖြတ်ရသော ပုဂ္ဂိုလ် တဦး ) ။ ယမမင်းမှနေ၍ သင့်တွင် မည်သည့် ကုသိုလ်ကောင်းမှု့ လူ့ဘဝကလုပ်ခဲ့သနည်းဟု မေးချေလိမ့်မယ် ။ အကယ်၍ များ သင်သည် ပြုလုပ်ခဲ့ဘူးသော ကုသိုလ်ကောင်းမှု့အား မေ့လျော့နေပါက သင့်အား ဝသုန္ဓရေ မြေစောင့်နတ်မှာ သင်မေ့လျော့နေသော ကုသိုလ်ကောင်းမှု့များကို လာရောက်သတိပေးခြင်းဖြင့် ယမမင်း၏ မေးခွန်းများကို ဖြေဆိုနိုင်ပါက မြင့်မြတ်သောဘုံကို ပို့ဆောင်ခြင်းခံရမှာဖြစ်ပါတယ် ။
ဘုရားပုထိုး စေတီများတွင် ပုဆစ်တုပ်၍ ဆံပင်ကို ရေညှစ်ချနေသည့် နတ်ရုပ်ထု ကိုတွေ့ရတတ်ပါသည်။
ထိုနတ်ရုပ်ကို ဝသုန္ဓရေ နတ်သမီး ရုပ်ထုဟု ပြောစမှတ်ပြုကြလေသည်။
အချို့ကလည်း နတ်သမီး မဟုတ်၊ နတ်သား ဟုဆိုကြပြန်သည်။ မြေစောင့်နတ်ရုပ်ဟု လူသိများကြလေတယ်။
၎င်းရုပ်ထုကို အများအားဖြင့် ဒူးတုပ်ထိုင်လျှက် ဆံပင်ကို ဝဲဘက်ပခုံးပေါ်မှ ရှေ့သို့စုချပြီး ဘယ်လက်ဖြင့်ကိုင်ထားကာ ညာလက်ဖြင့် ရေညှစ်ချနေဟန်မျိုးသာ အတွေရ များလေသည်။
သို့သော် အိန္နိယဒေသဖြစ် သင်သကရိုက် ဘာသာဖြင့် ရေးသားထားသော လတီတဝိတ္တာရ ကျမ်းနှင့် ၁၈ ရာစု ကမ္ဘောဇနှင့် ယိုးဒယားဖြစ် ကျမ်းဖြစ်သော ပထမသမ္မောဓိကျမ်း ၁၈ရာစု ဒီပဲရင်းဆရာတော်ပြုစုသော တထာဂတဥဒါနဒီပနီ ကျမ်းတွင် ဝသုန္ဓရေ နတ်ပါလာသည်။ ထူးခြားiချက်က ဆရာတော်၏ ကျမ်း၌ ဝသုန္ဓရေ နတ်သားဟု ဆိုထားလေသည်။
ထရဝါဒနှင့် ဝသုန္ဓရေမြေစောင့်နတ်
”မာန်ယစ်တဲ့ ရန်စစ်တွေသည်…ဆံညှစ်ရေကြောမှာ မျောလေပြီ…”
စာရေးသူတို့ကလေးဘဝကတည်းက နားရည်ဝနေသော သီချင်းတစ်ပုဒ်၊ သီချင်းကို နားရည်ဝသလို ဇာတ်လမ်းကိုလည်း စွဲလန်းမိသည်။ နှစ်သက်မိသည်။ ဝသုန္ဓရေ မြေစောင့်နတ်သည် စာရေးသူကို ငယ်စဉ်ကတည်းက လွှမ်းမိုးနေသူ ဖြစ်ပါသည်။ ဗြဟ္မာမင်း၊ သိကြားမင်း၊ နဂါးမင်းတို့ပင် ကြောက်လန့်ထွက်ပြေးရသော မာရ်နတ်ကို အနိုင်ယူသူဖြစ်သဖြင့် အထင်လည်း ကြီးမိပါသည်။ ထို့ကြောင့် ကောင်းမှုကုသိုလ်တစ်ခု ပြုတိုင်း မြေစောင့်နတ်ကို တိုင်တည်မိပါသည်။ သို့သော် ထိုနတ်ကို ယောက်ျားလား၊ မိန်းမလားဟု မစူးစမ်းမိခဲ့။ ယခု လေ့လာကြည့်သောအခါ နတ်သမီးပုံကိုလည်း တွေ့ရ၏။ နတ်သားပုံကိုလည်း တွေ့ရ၏။ မည်သည်က အမှန်ဖြစ်သည်ကို မိမိအနေဖြင့် မဝေခွဲနိုင်။ ထို့ကြောင့် လက်လှမ်းမီသမျှ ရှာကြည့်ရာ ဗုဒ္ဓဝံသအဋ္ဌကထာတွင် အောက်ပါအတိုင်း တွေ့ရ၏။
ဘုရားအလောင်းတော်သည် ဘုရားဖြစ်မည့် (မဟာသက္ကရာဇ် ၁ဝ၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူး) နေ့ ညနေချမ်းအခိျန်တွင် ဗောဓိပင်၏အရှေ့ အပရာဇိတပလ္လင်ထက်၌ ”ဘုရားမဖြစ်သမျှ ငါမထ” ဟူသော အဓိဋ္ဌာန်ဖြင့် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏။ ထိုစဉ် ဝသဝတ္တီမာရ်နတ်က ”သိဒ္ဓတ္ထမင်းသားသည် ငါ၏နယ်ပယ်(ဘုံသုံးပါး)မှ လွတ်မြောက်လိုသူဖြစ်သည်။ ငါသည် သူ့ကို လွတ်မြောက်ခွင့်မပေးနိုင်”ဟု ကြံကာ သူ၏နတ်စစ်သည်များကို ခေါ်၍ လာ၏။
နတ်စစ်သည်အင်အားမှာ မာရ်နတ်၏ ရှေ့မှ ၁၂-ယူဇနာ၊ လက်ယာဘက်မှ ၁၂-ယူဇနာ။ လက်ဝဲဘက်မှ ၁၂-ယူဇနာ။ အထက်၌ ၉-ယူဇနာ ရှိ၍ နောက်မျက်နှာကမူ စကြဝဠာတိုက် အဆုံးအစွန်း တိုင်အောင် များပြားလှ၏။ ယင်းစစ်တပ်ကြီး၏ ကြိမ်းမောင်းအော်ဟစ်သံကို ယူဇနာတစ်ထောင် ဝေးကွာသော အရပ်မှစ၍ မြေပြိုသောအသံကဲ့သို့ ကြားရလေ၏။ သူ့ကိုယ်တွင် လက်ရုံးတစ်ထောင် ဖန်ဆင်း၍ လက်ရုံးတိုင်းတွင်လည်း လက်နက်အသီးသီးကို ကိုင်ဆောင်ထားပြီး ဂိရိမေခလဆင်ကို စီးကာ နတ်စစ်သည် များစွာခြံရံလျက် ရောက်လာ၏။
မာရ်နတ်လာသောအခါ ဘုရားအလောင်းတော်အနီးတွင် ပူဇော်ရန် ရောက်ရှိနေကြသည့် သိကြားမင်းသည် သူမှုတ်နေသော ဝိဇယုတ္တရခရုသင်းကို ကျောပိုးလျက် ပြေး၍ စကြဝဠာတိုက်အနားစွန်း၌ ရပ်နေ၏။မဟာဗြဟ္မာမင်းက ထီးဖြူကို စကြဝဠာတိုက်အစွန်း၌ ပစ်ချကာ ဗြဟ္မာ့ပြည်သို့ ပြန်ပြေး၏။ ကာဠနဂါးမင်းက နဂါးမတို့ကို ချန်ထား၍ မေဉ္ဇရိကနဂါးဗိမာန်သို့ ပြန်ပြေးကာ မျက်နှာကို လက်ဖြင့်ပိတ်လျက် အိပ်နေ၏။ ဤသို့လျှင် အားလုံးပြေးကြရာ ဘုရားအလောင်းတော်အနီးတွင် တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။
ဘုရားအလောင်းတော်၏ဘေးတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေတော့မှ မာရ်နတ်က ဘုရားအလောင်းတော်အား လက်နက်ကိုးမျိုးဖြင့် တိုက်ခိုက်၏။ တိုက်ခိုက်၍ မရသောအခါ သူ့စစ်တပ်ကို ” အဘယ့်ကြောင့် ရပ်နေကြသနည်း၊ ဤသိဒ္ဓတ္ထကို ဘုရားမဖြစ်အောင်လုပ်ကြ၊ ဖမ်းကြ၊ သတ်ကြ၊ ဖြတ်ကြ၊ မလွတ်စေနှင့်”ဟု အမိန့်ပေး၏။ သူကိုယ်တိုင်လည်း ဆင်ပေါ်မှနေ၍ မြားဖြင့်ရွယ်ကာ ”သိဒ္ဓတ္ထ၊ ပလ္လင်ပေါ်မှ ယခုပင်ဆင်းလော့”ဟု ဆို၏။ မာရ်စစ်သည်တို့လည်း ကြောက်အောင်လန့်အောင် အမျိုးမျိုးလုပ်နေ၏။ ထိုအခါ ဘုရားအလောင်းတော်ကလည်း သူ့ပါရမီဂုဏ် ကုသိုလ်ဟုန်ကြောင့် ပေါ်ပေါက်၍လာသော ပလ္လင်ဖြစ်ကြောင်းသိစေလို၍ ”ဟဲ့မာရ်နတ်၊ ငါသည် ဤပလ္လင်ကို အလိုရှိသဖြင့် ဘဝများစွာ ကမ္ဘာဘာတို့၌ မလှူဖူးသောအလှူမရှိ၊ ဤသို့ ဘဝများစွာက ပြုလာခဲ့သော ကောင်းမှုများကို ထား၍ ဝေဿန္တရာဘဝတစ်ခုတည်း၌ ခုနစ်ကြိမ်တိုင်တိုင် အလှူကြီးပေးခဲ့စဉ်က မြေကြီးသည် ခုနစ်ကြိမ်တိုင်တိုင် တုန်လှုပ်ခဲ့ဖူးလေပြီ။ ယခုအခါ ဤမဟာပထဝီမြေကြီးသည် ငါ၏သက်သေတည်း”ဟု ပြော၍ မြေကြီးကို လက်ညှိုးညွှန်လျှင် မြေကြီးသည် အိုးထိန်းစက်ကဲ့သို့ သွက်သွက်လည်ကာ သည်းထန်စွာ မြည်ဟည်းလေ၏။
မြေကြီး၏အသံဖြင့် ကောင်းကင်တစ်ခွင်လုံး မိုးချုန်းသံကဲ့သို့ မြည်ဟည်းနေ၏။ မြေကြီး၏ အသံကြောင့် ကောင်းကင်တစ်ခွင်လုံး မိုးချုန်းသံကဲ့သို့ ဆူညံနေ၏။ ထိုအခါ ဂိရမေခလဆင်ကြီးလည်း ဒူးညွတ်လျက် ကျသွား၏။ မာရ်စစ်သည်တို့လည်း ခြေဦးတည့်ရာ ပြေးကြရလေ၏။ မာရ်နတ်ကိုယ်တိုင်လည်း ဆင်ကြီးကို ပစ်၍ ပြေးရလေ၏။ မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၏ အဖြစ်အပျက်ကို ဗုဒ္ဓဝံသအဋ္ဌကထာ၌ ဝသုန္ဓရေ မြေစောင့်နတ်လုံးဝမပါဝင်ပါ။ အပဒါနအဋ္ဌကထာတွင်လည်းကောင်း၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ပါသရာသိသုတ်အဖွင့်တွင်လည်းကောင်း ရှာကြည့်ရာတွင်လည်း မြေစောင့်နတ်အကြောင်း စိုးစဉ်းမျှ မတွေ့ရပါ။ ထို့ကြောင့် ထေရဝါဒကျမ်းဂန်တို့တွင် ဝသုန္ဓရေ မြေစောင့်နတ်မရှိကြောင်း သိရပါသည်။
မိမိတို့ငယ်စဉ်က မှတ်သားခဲ့ရသည်မှာ ဘုရားအလောင်းက မြေကြီးသို့ လက်ညှိုးညွှန်လိုက်ရာ မြေစောင့်နတ်က သက်သေခံ၏။ ဝေဿန္တရာဘဝက ချခဲ့သော အလှူရေစက်တို့ပင် ယခုထိ မခြောက်သေးကြောင်း ဆို၍ ဆံပင်ကို ရေညှစ်ပြ၏။ ထိုအခါ မာရ်နတ်နှင့် သူ့စစ်တပ်သည် ထိုဆံညှစ်ရေကြောတွင် မျောပါသွား၏ဟု ကြားခဲ့ဖူး၏။ ယခုမူ မိမိတို့ ငယ်စဉ်က ကြားဖူးခဲ့သော မြေစောင့်နတ်သည် ယုံတမ်းသဖွယ်ဖြစ်နေသည်။
ထိုအကြောင်းကို ကံအားလျော်စွာပင် သက္ကတဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသော လလိတဝိသျှတရ ကျမ်းတွင် တွေ့ရ၏။ ထိုကျမ်းတွင် ”ဘုရားအလောင်းက လက်ညှိုးညွှန်လျှင် ထာဝရာမည်သော နတ်သမီးသည် စကြဝဠာတိုက်တစ်သောင်းမှ ထာဝရာနတ်သမီးပေါင်း တစ်သောင်းခြံရံလျက် လက်ညှိုးဦးတည်ရာ အရပ်မှ မြေကို ဖောက်ခွဲ၍ ကိုယ်တစ်ပိုင်းဖော်ကာ ထွက်လာ၏။ ထို့နောက် ဘုရားအလောင်းတော်အား ‘ယောက်ျားမြတ်၊ သင်ပြုသော ကုသိုလ်ကောင်းမှုကို သင်သာအသိဆုံးဖြစ်သည်။ သို့သော် သင်၏ ကောင်းမှုကို ငါ သက်သေခံသည်’ဟု ဆို၏။ ကျန်သော ထာဝရာနတ်သမီးတို့ကလည်း ဟုတ်မှန်ကြောင်း ဝိုင်းဝန်းထောက်ခံကြ၏။ ထိုသို့ ထောက်ခံပြောဆိုသော အသံကို မာရ်နတ်ကြားလျှင် ရင်တွင်း၌ မခံမရပ်နိုင်အောင် ဖြစ်လာပြီး ထွက်ပြေးလေ၏”ဟု ဆိုထားပါသည်။
ဤလလိတဝိသျှတရကျမ်းအဆိုအရ သက်သေခံသော နတ်သမီး၏ အမည်မှာ ထာဝရာဟု သိရပါသည်။ ထေရဝါဒကျမ်းဂန်ကား မဟုတ်ပေ။ ဒီပဲယင်းဆရာတော်၏ တထာဂတဥဒါနဒီပနီတွင်ကား ဝသုန္ဓရေ မြေစောင့်နတ်သားဟု ဆို၏။ ဆရာတော်လည်း ဤအချက်ကို ထေရဝါဒ၏အပြင်ဘက်တွင်ရှိသော ကျမ်းဂန်တို့မှ ထုတ်နုတ်ရေးသားထားခြင်း ဖြစ်၏။ ထို့ကြောင့် ဝသုန္ဓရေမြေစောင့်နတ်ဟူသည် ထေရဝါဒတွင် တကယ်ပင် မရှိကြောင်း အာဂမယုတ္တိအရ သိရပါသည်။ ဝသုန္ဓရေနှင့် ပတ်သက်၍ ”ဝသုန္ဓရာ ဆမာ ဘူမိ”ဟုသာ အဘိဓာန်၌ မြေကြီးဟော ပရိယာယ်ပုဒ်အနေဖြင့် တွေ့ရပါသည်။
( အကယ်၍ မိမိ၏ စာပေမနှံ့စပ်မှုကြောင့် မတွေ့ရခြင်းဖြစ်မူ အချိန်မရွေး အမှန်ကို လက်ခံနိုင်ပါသည်။ )
ထို့ကြောင့် လောလောဆယ် တွေ့ရှိချက်များကို ဆန်းစစ်ကြည့်လျှင် ဘုရားအလောင်းတော်အား မာရ်နတ်ကို ဝိုင်းကူတိုက်ပေးသော ဝသုန္ဓရေသည် ထေရဝါဒနှင့် မညီဟု ယူဆရပါမည်။
လောကသုံးပါးတွင် အမြတ်ဆုံး၊ ဘုန်းပါရမီ အမြင့်မားဆုံးပုဂ္ဂိုလ်က နတ်၏အကူအညီကို ယူရသည်ဆိုသည်မှာလည်း ဘုရားရှင်၏ပါရမီဂုဏ်ကို ညှိုးနွမ်းစေပါသည်။ ဗြဟ္မာမင်း၊ သိကြားမင်း၊ နဂါးမင်းတို့ပင် ကြောက်လန့်ထွက်ပြေးရသော မာရ်နတ်ကို သာမန်မြေစောင့်နတ်တစ်ဦးက အလွယ်တကူ အနိုင်ယူနိုင်သည်မှာလည်း လွန်စွာယုတ္တိမတန်၊ ဒဏ္ဍာရီဆန်လှပါသည်။
ထို့ကြောင့် ထိုမြေစောင့်နတ်ယုံကြည်ချက်ကို မိမိစွမ်းနိုင်သမျှ လေ့လာသုံးသပ်တင်ပြလိုက်ပါသည်။

(Credit to original writer)


 

No comments: