Tuesday, August 3, 2010

လေထဲက အသံ တချို့တလေ

ခုတလော ပုတီးလည်း စိပ်ဖြစ်တယ် လူ အများကြီးနဲ့လည်း ကတောက်ကဆ ဖြစ်တယ်

ငါ့ကို ဗွေမယူပါနဲ့ဦး လောကရယ်

ယုံကြည်ရာတွေမှာ ဘုရားကလွဲလို့ ဘာမှ လက်ကျန် မရှိတော့ဘူး

ရေပြင်ကို မုန်းတယ် မြေပြင်ကို မုန်းတယ် ကမ္ဘာမြေကို မုန်းတယ်

အထပ်ထပ် ဆုံးရှုံးမှုတွေက ငါ့သမိုင်းကို အမည်းစက်ကြီးတွေ ပေးတယ်

မြင်းရိုင်းတွေလို လွတ်လပ် ကြမ်းရှတဲ့ ဘဝဆိုတာလည်း ခုအခါမှာ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ ပင်လယ်လို

ငါ့ သမုဒ္ဒရာဟာ မငြိမ်မဆိမ် မွဲခြောက်ခြောက်နဲ့ ကန္တာရတွေ ဆန်လိုဆန်

ဒီလိုနဲ့ ငါ့မှာ ဘုရားနဲ့ ညစဉ် စကားစမြည် ပြောရင်းသာ လောကကြီးကို စုံကန်ရတယ်

ဟိုးအဝေးက လကလည်း သာပါရဲ့

အနီးနားက လရောင်ကို ပို မြတ်နိုး စုံမက်ရမယ်ဆိုတဲ့

လော့ဂျစ်ကျကျ အတွေးအခေါ်တွေနဲ့ပဲ ဒီလောကက လည်ပတ်နေတာ များတယ်

အဲဒီတော့ အူကြောင်ကြောင် နိုင်တဲ့ ငါ ..

ဒီလောကကြီးမှာ နေသားမကျသေးဘူး ဆိုတာ သေချာလာနေတယ်

မနက်ဖြန်များ နေသားကျတော့မလား

သန်ဘက်ခါများ နေသားကျတော့မလား အတွေးတွေနဲ့ မျှော်လင့်ချက်တော့ ရှိပါရဲ့

ကံကြမ္မာကို ခြေစုံမကန် ရဲသေးသရွေ့ ငါ ဘယ်အရာကို လက်ထဲ ဆုပ်ကိုင်ထားရမလဲ

ဘယ်အရာတွေက ငါနဲ့အတူ ရှိနေပေးမှာလဲ

အကုသိုလ်တွေလား ကုသိုလ်တွေလား နှစ်ခုစလုံးလား

တကယ်ဆို နောင်တဆိုတာလည်း ငါ့မှာမရှိခဲ့ပါဘူးလို့ အမြဲ ကြွေးကြော်နေမိတာပါ

အဲဒီ သမိုင်းတွေကို ပြန်ဖျက်ဖို့ တစ်နည်း ပြန် ရေးလိုက်ဖို့ တစ်နည်း ဘာမှ မကျန်ခဲ့ဖို့

တစ်နည်းပေါင်းများစွာနဲ့ အဖန်ဖန် အထပ်ထပ် နိုးထလိုက်ရပြန်တာချည်းက လွဲလို့

လက်ထဲက ဘဝမှာ ဘာစကားလုံးမှ မကျန်သေးတာ သေချာနေတယ်။


- လရိပ်ပြာ -

3 August 2010

1 comment:

နွေဆူးလင်္ကာ said...

မုန်းပါ မုန်းပါ ... ပိုက်ဆံမှ မပေးရတာ။