အဲဒီ သစ်ပင်ဟာ တစ်သက်လုံး သူ့ စိတ်ကြိုက်ပဲ ရှင်သန်ခဲ့တယ်
စံတို့ လုပ်ထုံး လုပ်နည်းတို့ ဓလေ့ထုံးတမ်းတို့ ဆိုတာ သူ အမုန်းဆုံး အချုပ်အနှောင်တွေ
တချို့က အဆင်ပြေသလို ကြည့်ကျက် ရေလောင်း ပေါင်းသင်
ယုယမှု ရပုံချင်းကတော့ ကွာတာပေါ့
တချို့ကတော့ အဲဒီ သစ်ပင်ရဲ့ အရိပ်က လွတ်လပ်လှချည်ရဲ့ လို့ ပြောတယ်
လွတ်လပ်စွာ ပေါ့ပါးစွာ ... ပေါ့ပါးစွာ လွတ်လပ်စွာ
ပြီးတော့ အရိပ်ကို နင်းချေ အခက်ကို ချိုးဖဲ့
ဒါကိုလည်း လွတ်လပ် ပေါ့ပါးစွာ ခံယူပစေ တဲ့
တစ်ခါတလေ သူ့ရဲ့ သိပ်သည်းတဲ့ အရွက်တွေ ကြားမှာ
နေရောင်ခြည် တစ်ဖြာ နှစ်ဖြာကို သိမ်းဆည်းရင်း
တိတ်တိတ်လေး ပူလောင် ပြင်းပြခဲ့ရတယ်
ဒါတောင် သူ့ရဲ့အရိပ်က လွတ်လပ် ဆဲပဲ ပေါ့ပါး ကခုန်ဆဲပဲ
သူ့ စိတ်ကြိုက် ရှင်သန်ခဲ့တဲ့အတွက်
သူ့ကို ဘယ်သူကမှ ခြံခတ် သိမ်းဆည်းဖို့ မစဉ်းစားရဲဘူး
သူဟာ တိမ်တွေလို မြူးထူး ဆော့ကစား
ဆည်းဆာကိုလည်း မကြောက်မရွံ့ ရင်ခုန် ရဲတယ်
လွတ်လပ်လွန်းတယ် ပေါ့ပါးလွန်းတယ်
အဲဒါကြောင့် တစ်ခါတလေဆို
သူဟာ တန်ဖိုး ထားချင်စရာ မကောင်းတဲ့ သစ်ပင် လို့ ဆိုတယ်။ ။
22 August, 2010
(9:00 PM)
on Boat
No comments:
Post a Comment