ကျမက
အိပ်မက်အများကြီးမက်တတ်သူတော့ မဟုတ်ပေမဲ့ မက်ဖူးတဲ့ အိပ်မက်တချို့တလေကို အမှတ်ရနေ
တတ်တာတော့ အမှန်ပါ။ တချို့ကပြောတယ် နေ့တိုင်းလိုလို အိပ်မက်မက်တယ်တဲ့၊ တစ်ခါမှကို
အိပ်မက် မမက်ဖူးဘူး လို့ ဆိုတဲ့ သူတွေကိုလည်း တွေ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
ဒီတစ်ခါတော့ အဲဒီ အိပ်မက် သို့မဟုတ် မမြင်နိုင်တဲ့ ကမ္ဘာ တစ်ခုဆီ ခဏလောက်
တမင်အလည်သွားလိုက်ချင်ပါတယ်။
မက်နေကျ အိပ်မက်တွေကို
ပြန်စဉ်းစားကြည့်ရင် တစ်ခါတလေ အိပ်မက်တွေက အရောင်တွေပါတယ်။ မှတ်မိ သလောက်တော့
မက်ဖူးတဲ့ အိပ်မက်တွေဆိုတာ ဝိုးတိုးဝါးတား အဖြူနဲ့ အမည်း ရုပ်ရှင်ဇာတ်ကားဟောင်း
တစ်ခုလိုပဲ။
တစ်ခါတလေတော့
မှတ်မှတ်ရရ အိပ်မက်ထဲမှာ တစ်ရောင်တည်းကို မှတ်မှတ်ထင်ထင် တွေ့ရတာမျိုးလည်း
ရှိတတ်တယ်။ ဥပမာ- အစ်ကို ဆုံးတုန်းက အစ်ကို့ကို အိပ်မက်ထဲမှာ
ရှပ်အကျီင်္အပြာရောင်လေး ဝတ်ထားတယ်လို့ အိပ်မက် မက်တာမျိုး၊ သွေးလေ ချောက်ခြားတဲ့
အိပ်မက်လိုလို ပုံစံထဲမှာ အစိမ်းရောင်အလင်းတန်းတွေနောက် ပြေးလိုက်နေတယ်
ဆိုတာမျိုးကို ပြောတာပါ။ အနံ့ တစ်ခုခုကို အိပ်မက်တာကတော့ ရှားတယ်။ မအိပ်ခင် ဆိုးဆိုးဝါးဝါး
အနံ့တစ်ခုကို တော်တော် ရလိုက်တုန်းက အိပ်မက်ထဲမှာလည်း ယောင်ယမ်း
နံနေတတ်တာမျိုးတော့ ကြုံဖူးတယ်။
အဲဒီလိုအိပ်မက်တွေထဲမှာ
အရောင်တွေ တွေ့ရတတ်တာ စိတ်စွဲလို့ပါလို့ ဆိုသူတွေလည်း ရှိပါတယ်။ အိပ်မက်
တွေဆိုတာပုံမှန်အားဖြင့် အဖြူနဲ့အမည်းပါပဲတဲ့။ ဟုတ်ပါတယ်..များသောအားဖြင့်
ကျွန်မမှတ်မိတဲ့အိပ်မက်တွေဆိုတာ လည်း ပြောခဲ့သလိုပဲ
အဖြူအမည်းဝိုးတဝါးရုပ်ရှင်ဇာတ်ကားတစ်ကားလိုပါပဲ။ ကျွန်မက စိတ်ဓာတ်အင်အားနည်းလို့ပဲ
လားတော့မသိပါ။ မက်ဖူးတဲ့ ရင်သိမ့်တုန်အမှတ်တရ အိပ်မက်တချို့တလေအကြောင်းကို
တစ်ခုနှစ်ခုလောက် ဖောက်သည် ပြန်ချချင်ပါတယ်။
အိပ်မက် (၁)
အိပ်မက်ထဲမှာ ဆုံးပါးသွားတဲ့ ချစ်လှစွာသောအစ်ကိုဖြစ်သူက ပြေးလာနေတယ်။
သူ့ရှပ်အကျီင်္လေးက အပြာရောင်...။ သူ့မျက်ဝန်းက ညှိုးလို့ ငယ်လို့ ....
အိပ်မက်
(၂) ကျွန်မခြုံထားတဲ့စောင်ကို တစ်စုံတစ်ယောက် အင်အားကြီးစွာ
လာဆွဲယူသလိုခံစားလိုက်ရတယ်။ ကျွန်မ ပြန်မဆွဲယူနိုင်ဘူး။ လန့်နိုးသွားတယ် ...
စောင်ကခြုံထားလျက်ပဲ
အိပ်မက် (၃) နံရံကို
မျက်နှာမူအိပ်ပျော်နေတဲ့အချိန် နံရံကိုဖောက်ပြီး ကျွန်မကို
ရပ်ကြည့်နေတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရတယ်။ ကျွန်မထိတ်လန့်သွားပေမဲ့ အော်ဖို့အင်အားမရှိ။
ဒါတင်မကသေး။ ကျွန်မကို နောက်ထပ်တစ်စုံ တစ်ယောက်က စီးမိုးကြည့်နေလို့ တဲ့။
ဘယ်သူမှန်းမသိပေမဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ မသိစိတ်က ပါးပါးလေး ပြောပြတယ်။
အဲဒီလို
စိတ်လှုပ်ရှားဖွယ်အိပ်မက်တွေ မက်ပြီးရင် ကျွန်မ ညတော်တော်များများ
တစ်ယောက်တည်းအိပ်ရမှာ ကြောက်နေတတ်ပါတယ်။ ဘာသာရေးဘက်က ပြောရမယ်ဆို သူငယ်ချင်းတွေက
ဘုရားရှိခိုးပါ၊ မေတ္တာပို့ပါ၊ အမျှ အတန်းဝေပါ စသဖြင့် နှစ်သိမ့်အားပေးကြပါတယ်။
ကျွန်မကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင်ပီပီ ဘုရားကိုမကြာမကြာ ရှိခိုး အိပ်တတ်သူဖြစ်ပေမဲ့
ကျွန်မက အတော်အတန် စိတ်လှုပ်ရှားစရာလေးတွေကိုတောင် မခံနိုင်ပါဘူး။
နှလုံးခုန်နှုန်းတွေ မတော်မတရားကို မြန်သွားတတ်တာ အကျင့်ကို ဖြစ်နေပြီ။ တစ်ခါတလေ
အကြောက်တရားကိုဖြေဖျောက်ဖို့ ဘုရားကို အားကိုးတကြီးရှိခိုးရတာ ဘုရားရှင်ကိုတောင်
အားနာလာပါတယ်။
နည်းနည်းဖြစ်ဖြစ်
စိတ်လှုပ်ရှားစရာကိုတောင် မခံစားချင်လို့ ကျွန်မ အိပ်မက်တွေထပ်မမက်ချင်တော့တာ အမှန်
ပါ။ ကံမကောင်းချင်တော့ ကောင်းသောအိပ်မက်များ ဆိုတာကို ကျွန်မ သိတတ်စအရွယ်ကတည်းက
မမက်ခဲ့ မပိုင်ဆိုင် ခဲ့ရဘူး။ မက်ခဲ့တဲ့အိပ်မက်တွေက ဆန်းပြားချင်ဆန်းပြား၊
မဟုတ်ရင် စိတ်လှုပ်ရှားထိခိုက်ဖွယ်၊ ထိတ်လန့်ဖွယ် အိပ်မက် တွေသာဖြစ်နေတတ်ပါတယ်။
ငယ်ငယ်တုန်းက နှစ်ခါသုံးခါလောက် မက်တတ်တဲ့ အိပ်မက်လေးတစ်ခုကို ခုထိ အမှတ်ရ နေဆဲပါ။
ကလေးငယ်နှစ်ယောက်
မြက်ရိုင်းဆန်ဆန်ကွင်းပြင်တစ်ခုမှာ
ငြိမ်းငြိမ်းချမ်းချမ်းလွတ်လပ်ပေါ့ပါးစွာကစားလို့.. အဲဒီအချိန်မှာ ကလေးမလေးက
အမှတ်တမဲ့ မြေကြီးထဲတူးဆွကစားနေတုန်း မြေကြီးထဲက တစ်စုံတစ်ရာက အုံးခနဲ
ထပေါက်ကွဲသွားတာ အဲဒီကလေး နှစ်ယောက်စလုံး အစအနတွေအဖြစ်ချက်ချင်းပြောင်းလဲသွားတယ်
...။ အဲဒီပေါက်ကွဲ တဲ့အရာဟာ စစ်အတွင်းက
ကျန်ရစ်ခဲ့တဲ့မပေါက်ကွဲသေးတဲ့မြေမြှုပ်မိုင်းတစ်ခုဖြစ်နေတယ် ... တဲ့။
ရုပ်ရှင်ဆန်တယ်။ စိတ်ကူးယဉ်ဆန်တယ်။ ဒါပေမဲ့ လန့်နိုးလာတိုင်း ချွေးတွေပြန်လို့
ရင်တွေခုန်လို့.. ကလေးနှစ်ယောက်ကို မြင်ယောင် နေတယ်။ ဘယ်လို စိတ်ဓာတ်ကြောင့်များ
ဒီလောက်ရုပ်ရှင်ဆန်တဲ့ပြကွက်ကို အထပ်ထပ်မက်ရသလဲ ခုထိမသိသေးပါ။
အဲဒီလို
အိပ်မက်တွေ မက်ပြီးရင် ရက်တော်တော်ကြာ စိတ်ထဲစွဲလမ်းပြီး နေထိုင်မကောင်းချင်
ဖြစ်တတ်တာမို့ တကယ်ကို အိပ်မက်များနဲ့ ဝေးချင်ပါပြီ။ ကျွန်မ နောက်ထပ် အိပ်မက်
မမက်ချင်တော့ပါဘူး။ ဆုတောင်းလို့ပြည့်မယ် ဆိုရင် နောင်လာမယ့်ညတွေမှာ
အိပ်မက်တွေနဲ့ဝေးပါရစေလို့ပဲ ဆုတောင်းလိုက်ချင်ပါတယ်။
No comments:
Post a Comment