Tuesday, May 18, 2010

ဒလမြို့က ရေဒုက္ခ မြင်ကွင်းများနဲ့ မြန်မာတို့ရဲ့ ဆိုရှယ် ကက်ပီတယ်

သူငယ်ချင်းတစ်ယောက်က ပြောလို့ ဒီစာကို ရေးဖြစ်သွားတာပါ။ ကျမက ဒလသူစစ်စစ် ဆိုတော့ ဒလ အကြောင်း အသိဆုံး နေမှာပေါ့ဆိုပြီး သူငယ်ချင်းက သတင်းနှိုက်လို့ ချက်ချင်းပဲ ကောက်ရေးဖြစ်လိုက်တဲ့ စာတစ်ပုဒ်ပါ။
အရင်ကဆို ရန်ကုန်တစ်ဖက်ကမ်းက ဒလဆိုတာ မထင်မရှားမြို့လေးပါ။ အခု သေချာတာတစ်ခုက အရင်ကထက်တော့ နည်းနည်းလေး ပိုလူသိများသွားပြီ။ ပို နာမည်ကြီးစေတဲ့ တွန်းအားက ရေ ... ပေါ့။
တကယ်တမ်းတော့ ကျမတို့ မြို့မှာ ရေပြဿနာက အမြဲတက်နေကျပါ။ မြို့ခံတွေဟာ ရေနဲ့ ပက်သက်ရင် မိုးရာသီမှာ မိုးရေကို မှီခိုရတယ်။ ဆောင်းရာသီနဲ့ နွေရာသီမှာတော့ မိုးရာသီက မိုးရေတွေကို တတ်နိုင်သလောက် သိုမှီးထားတဲ့ ရေကန်တွေကို အားထားရတယ်။ တချို့တွေကတော့ လက်လှည့် ရေတုံကင်တွေ တူးကြတယ်။ အဝီစိတွင်းတွေ တူးကြတယ်။ တစ်ခု ရှိတာက အဲဒီလို တူးကြတာလည်း ကံကို ပုံရသလိုပါပဲ။ ဒလမြို့ဟာ နဂိုကတည်းက မြေအောက်ရေ မကောင်းတဲ့ ဓာတ်ခံရှိတော့ တူးပြီး ထွက်လာတဲ့ရေဟာ သံချေးနံ့ပြင်းပြင်းများ ရလေမလား။ ဆားငန်ဓာတ်များ ကဲနေမလား ဆိုပြီး ရင်တမမနဲ့ တူးရတာပါ။ အဲဒီလိုမှာမှ ကံကောင်းရင် နည်းနည်းပဲ နံ၊ နည်းနည်းပဲ ငန်တဲ့ ရေရတတ်ပြီး အဲဒီရေကို သုံးရေအဖြစ် ပေါပေါလောလော သုံးကြတာပေါ့။ အဲဒါကလည်း ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလောက်ပါပဲ။ ကျန်တာကတော့ သောက်ရဖို့ ဝေး၊ လုံးဝ သုံးမရတဲ့ ရေတွေပဲ ထွက်တတ်ပါတယ်။ သောက်ရေကတော့ မိုးတွင်းကရေတွေကို အိမ်တွေက တနိုင်တပိုင် လှောင်ထားပြီး သုံးတယ်။ လှောင်ထားတဲ့ ရေတွေကုန်ရင် ရေကန်တွေကို အားကိုးတယ်။ အဲဒါ ပုံမှန်ဖြစ်စဉ်ပေါ့။
နောက်ပြီး ရေပေးဝေရေး ကော်မတီတစ်ခုကို (သိပ်တော့ မမှတ်မိတော့ဘူး) လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်က ဖွဲ့ပြီး ဒလမြို့အလွန် ကျေးရွာတစ်ခု ဖြစ်တဲ့ ရန်ကုန်ပေါက်က ရေကို ပိုက်တွေ သွယ်တန်းပြီး ဖြန့်ဝေ ပေးတယ်။ ယူမယ့် အိမ်ထောင်စုတွေက တစ်အိမ်ထောင်ကို ဘယ်လောက် ငွေသတ်မှတ်ပြီး ပေးရတယ်။ နောက်ပိုင်း လစဉ်ကြေးကိုတော့ မီတာ မှန်မှန်လာဖတ်ပြီး ကောက်တယ်။ အဲဒီရေ စရတုန်းကဆို ရေပြတ်လပ်မှုဒဏ် အမြဲခံရတဲ့ ဒလသူ ဒလသားတွေ ပျော်တာပေါ့။ အဲဒီရေကို တချို့က သောက်ရေတောင် လုပ်တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီ ရေက အစပိုင်းပဲ မှန်မှန်နီးပါးလာပြီး နောက်ပိုင်းတော့ မိုးတွင်းမှာတောင် မှန်မှန်မလာချင်တော့ဘူး။ အခုလို နွေရာသီဆို တစ်လတစ်ခါတောင် မလာတော့ဘူး။ လာတဲ့ရပ်ကွက်တွေ လာတယ်။ မလာတဲ့ နေရာတွေဆိုလည်း တော်တော် ရေပြတ်တဲ့ ဒဏ်ခံရတယ်။ တချို့ရပ်ကွက်တွေဆို ဒီနှစ်ထဲမှာ ပိုက်ရေဆိုတာ မမြင်ဖူးသေးဘူး ဆိုပြီးတောင် ပြောနေကြတယ်။ အဲဒီလိုဆိုတော့ ရေပိုက်တွေတန်းလန်းနဲ့ ရေပြတ်တဲ့ ဒဏ်ကလည်း နှိပ်စက်တော့တာပေါ့။
အဲဒီလို ပုံမှန် ဖြစ်စဉ်မှာမှ နွေရာသီ မတ်လ ကုန်လောက်ထိတော့ ရေရရှိမှုက အိုကေနေပါသေးတယ်။ သင်္ကြန်မရောက်တရောက် အချိန်လောက် ရောက်ပြီဆိုရင်တော့ ပုံမှန်အတိုင်း ရေရှားမှု စတင်ပါတယ်။ ရေကန်တွေမှာလည်း ရေက နည်းလာပြီ။ ဟိုကန် ဒီကန် ရေရနိုး လိုက်ကြည့်ကြ၊ ရေထမ်းပုံးတွေ ကိုယ်စီနဲ့ ဝေးဝေးလံလံ လိုက်ထမ်းရ၊ မထမ်းနိုင်သူတွေက ရေထမ်းသမားဆီက တောင်းသလောက် စျေးနဲ့ ဝယ်ရနဲ့ ရေရဖို့ ရုန်းကန်ရတယ်။ အဲဒါထက်ဆိုးလာရင် ခန်းစပြုလာတဲ့ ရေကန်တွေမှာ တာဝန်ရှိသူတွေ စီစဉ်ပေးသလို ရေကို တန်းစီခပ်ကြရတယ်။ တန်းစီရင်း ခိုက်ရန် ဖြစ်တာတွေ ရှိလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်နှစ်တွေကဆို အဲဒီ ပြဿနာတွေက မေလလယ်လောက် မိုးကျပြီဆိုတာနဲ့ ပြေလယ်သွားတာပါ။ မိုးကို အမြဲ မျှော်ရတယ်ပေါ့။ မိုးကလည်း စောစော ကျတတ်လို့ ရေရှားပါးမှုကို မြို့သူမြို့သားတွေက ကျိတ်မှိတ်ခံရင်း ရတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလိုက်တာချည်းပါပဲ။
ဒီနှစ်တော့ ပြောကို မပြောချင်တော့ပါဘူး ဖြစ်နေပြီ။ ဧပရယ်လလယ်လောက် ကတည်းက ရေကန်တွေမှာ ရေခန်းသွားတယ်။ ပိုက်ရေကလည်း လုံးဝ မတွေ့ရ။ ရာသီဥတု ပူပြင်းချက်ကလည်း အပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ် ကျော်ပြီဆိုတော့ လူတွေလည်း နေပူပူမှာ ရေပြတ်လပ်မှုကိုပါ အပိုလက်ဆောင် ရလာရော။ အခြေခံ လူတန်းစားတွေ များတဲ့ ဒလမှာ ရေသန့်ဘူးတွေလည်း မှန်မှန် မဝယ်နိုင်ကြဘူးဆိုတော့ နဂို အားထားနေရတဲ့ ရေကန်တွေ ရေတွင်းတွေ ခန်းသွားတဲ့အခါမျိုးမှာ ပိုက်ရေကို မျှော်ကြတယ်။ ပိုက်ရေ မလာတော့ ရေနောက် ဘယ်လို လိုက်ရမလဲ ဖြစ်ကုန်ကြပြီး ဒီနှစ် ဖြစ်ချင်တော့ မိုးကလည်း သင်္ကြန်မိုးလည်း မလာ၊ ကဆုန်မှာလည်း ညောင်ရေမသွန်းဆိုတော့ အပူချိန်များနေတဲ့ ဒေသလေးမှာ မကြုံစဖူး ထူးထူးကဲကဲ ရေကန်တွေ ခြောက်သွေ့ အက်ကွဲကုန်ပြီး ကန္တာရ မြင်ကွင်းတွေလို ဖြစ်ကုန်ပြီ။ အသက် ၆၀ အရွယ် လူတစ်ယောက်ကဆို ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး၊ ပူတာရော၊ ရေပြတ်တာရော ဒါ အဆိုးဆုံးပဲ လို့ ပြောနေတယ်။
ဒီလိုဆိုတော့ အသံတွေ နည်းနည်း ထွက်လာတော့တာပေါ့။ ဒုက္ခရောက်လာတဲ့ ပြည်သူတွေ အသံထွက်လာပြီဆိုရင် အရင်ဆုံး ရောက်လာနေကျဖြစ်တဲ့ ပြည်သူ့အကူအညီပဲ အရင် ရောက်လာတယ်။ ရေဖူလုံတဲ့ ဒေသတွေက ပြည်သူတွေ အချင်းချင်း စုစည်းပြီး ရေပြတ်လပ်နေတဲ့ ဒလသူ ဒလသားတွေအတွက် ရေတွေကို ကားတွေပေါ် နည်းအမျိုးမျိုးနဲ့ တင်ပြီး လှိုင်သာယာတံတား က တဆင့်ဖြစ်ဖြစ်၊ စဉ့်အိုးတန်း ကူးတို့ဆိပ်ကနေ ကားကူးဇက်တွေနဲ့ တိုက်ရိုက်လာပြီးပဲ ဖြစ်ဖြစ်၊ အရောက်လာပြီး ရေတွေ လှူကြတယ်။ နာဂစ် ကာလတုန်းကလို မြင်ကွင်းမျိုး ခပ်ဆင်ဆင် ပြန်တွေ့နေရသလိုပါပဲ။ ပြည်သူ အချင်းချင်း ရိုင်းပင်းကြ၊ ကူညီကြ၊ စာနာကြပေါ့။ တချို့ကားတွေက ရေသန့်ဘူးတွေ အပြည့်တင်၊ တချို့ကားတွေကတော့ ပလပ်စတစ်ရေပုံးတွေ အပြည့်တင်၊ တချို့ကားတွေကတော့ ရေတိုင်ကီတွေတင်၊ တချို့ကတော့ ရေကားကြီးတွေနဲ့ပေါ့။ တစ်လမ်းဝင် တစ်လမ်းထွက် ရေပေးဝေနေလိုက်တာ တစ်အိမ်ထောင် ရေဘယ်နှစ်ပုံးဆိုပြီး ဝေတဲ့ရေကို တန်းစီပြီး ယူကြတဲ့ မြို့သူမြို့သားတွေအနေနဲ့လည်း ပင်ပန်းတယ် မထင်တော့ဘဲ စိတ်တွေ ချမ်းသာနေတယ်။
ဒီလို သတင်းမျိုးတွေနဲ့ လှုပ်လှုပ်ရှားရှားလေး ရှိလာပြီဆိုရင် ထုံးစံအတိုင်း တချို့ကတော့ ပေါ်ပင်လိုက်ပြီး ရေအလှူကားလိုက်စီးတာမျိုးတွေ၊ သတင်းယူဖို့သက်သက် လိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဘက် အကျိုးရှိစေတယ်ဆိုရင်တော့ ဘယ်လိုပဲလိုက်လိုက်ပါ။ ပြောစရာ မရှိပါဘူး။ ပြောချင်တာက ဒီလို ရေအလှူမျိုးကို သာဓုခေါ်ပါတယ်။ ဒီလို မွန်မြတ်တဲ့ အလှူမျိုးကို ရေရှည် ထိန်းသိမ်းထားနိုင်မယ် တစ်နည်းအားဖြင့် နောက်တစ်ခါ ဒီလို ရေဒုက္ခ မဖြစ်ရအောင် ကူညီနိုင်မယ်ဆိုရင် ပိုပြီး သာဓုခေါ်စရာ လုပ်ဆောင်ချက်ပေါ့။ ဥပမာအားဖြင့် ရေကန်တွေ ပိုနက်အောင် ပိုကျယ်အောင် တူးတဲ့ နေရာမှာ ဝိုင်းဝန်းကူညီပေးတာမျိူး၊ သွယ်တန်းထားပြီး မှန်မှန်မရတဲ့ ပိုက်ရေ မှန်မှန်ရနိုင်အောင် သက်ဆိုင်ရာ လူကြီးတွေနဲ့အတူ ကြိုးပမ်းပေးတာမျိုးပေါ့။
ဘာပဲပြောပြော အခုဆို မိတ်ဆွေတွေ အပေါင်းအသင်းတွေက တခုတ်တရ သတင်းတွေမေးကြပါတယ်။ အနည်းလေး နင်ရေချိုးလာရဲ့လားလောက်တော့ မေးပြီး ကျမကို ဂရုတစိုက် ပြုပေးကြပါပြီ။ ရေမရှိရင် သူတို့အိမ် လာချိုးပါ၊ အဝတ်တွေ လာလျှော်ပါလို့ ပြောပေးတဲ့သူတွေလည်း များပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေ စုပြီး တနိုင် ရေကားတွေ စုငှားပြီး ရေလာလှူတဲ့ မိတ်ဆွေတွေကလည်း လာခါနီးဆို သတိတရ အသိပေးကြပါတယ်။ တကယ်ကို ကြည်နူးစရာ ကောင်းပါတယ်။ ချစ်စရာ ကောင်းတဲ့ လူမှုရေး စိတ်ဓာတ်လေးတွေဆိုတာ ဒီလို အခက်အခဲကြုံရချိန်ဆို အဆိုးထဲက အကောင်းလေးလို ပေါပေါများများ မြင်ရတတ်တဲ့ အရာတွေပေါ့။ မြန်မာတို့ရဲ့ လူမှုရေး စိတ်ဓာတ်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ် နာဂစ်ကာလများတုန်းက ကမ္ဘာကတောင် အသိအမှတ်ပြု မှတ်ကျောက်တင်ခဲ့ရတဲ့ စိတ်ဓာတ်ပေါ့။ အဲဒီ စိတ်ဓာတ်လေးတွေကို မြင်ရတဲ့အချိန်မျိုးတွေဆိုတာ တကယ့်ကို ကပ်ဆိုက်သလို ကြုံရတဲ့ အခါမျိုးတွေ ဖြစ်နေတော့ တကယ်ကို ဝမ်းနည်း ဝမ်းသာပါပဲ။ နောင်နှစ်တော့ ဒီလို ရေဒုက္ခမျိုးကို ရှောင်လွှဲနိုင်ရပါလို၏ ဆိုတာ မြန်မာနိုင်ငံထဲက ရေဒုက္ခသည်တွေ အားလုံးရဲ့ တူညီသော ဆုတောင်းပေါ့။

မှတ်ချက် - အခုရေးထားတဲ့ အချက်တွေက ဒလမြို့ အပြင်ပန်းရပ်ကွက်တွေက မြင်ကွင်းတွေလို့ ပြောလို့ရပါတယ်. ။ ဟိုးအတွင်းပိုင်းတော်တော် ကျတဲ့ ရပ်ကွက်လေးတွေမှာဆို ဒီထက် အဆများစွာ ပိုဆိုးတဲ့ မြင်ကွင်းတွေကို ကျမ မြင်ခဲ့ရပါတယ်။ ဒလသူ လုပ်နေပြီး မရောက်ဖူးသေးတဲ့ ဒလနယ်မြေတွေ အများကြီး ရှိနေတာ သိလိုက်ရပြီး ရေလာဝေရင်တောင် ယူထားဖို့ ရေထည့်စရာ မရှိတဲ့ အိမ်ထောင်စုတွေကို တွေ့ရတာ ရင်နာစရာ ..။ မြန်မာပြည်မှာ ဒီလို အခြေအနေမျိုးတွေ ရှိနေဆဲဆိုတာ ဘယ်သူတွေ သိအောင် လုပ်ရမလဲ စဉ်းစားစရာလည်း ကောင်းသွားတယ်။

No comments: