မြူပါးပါး ဖုန်ပါးပါး မျှော်လင့်ခြင်းများများ ..
အဲဒီညကိုက အလိုလို မျှော်လင့်ချင်စရာ ကောင်းနေတာ
အခန်းပြင်မှာ လက်ဖြာနေတဲ့ နီယွန် ရောင်စဉ်တွေထဲ
ချစ်သူရဲ့ ရနံ့က ပါးလျ ည့ံသက်စွာ ကပ်ညိလို့
တစ်နေ့လုံး မက်ခဲ့ရတဲ့ အိပ်မက်ထဲ တွယ်ငြိ ပျော်ဝင်
လှလိုက်တဲ့ နေရောင်ဖြာ နေ့ခင်းလေးရယ်..
သောင်းခြောက်ထောင်မက ခံစားမှုတွေကြားက
မေတ္တာ အလွှာပါးပါးလေးနဲ့ သူ့ပခုံးကို ခြုံသိုင်းထားလိုက်တယ်
အနားမှာ ဘာမှ မရှိတော့သလို .. ဘာမှ မကြားနိုင်တော့သလို ..
ခဏလေးပေါင်းများစွာ ဆွံ့အ .. တိတ်ဆိတ် ငြိမ်သက်ခဲ့ရသေး
ဒီလို မှော်ဆန်တဲ့ စက္ကန့်တွေက လက်ချိုးရေလို့လည်း ရပါရဲ့
ကြည်ကြည်နူးနူး ဖွဲ့ဖွဲ့ဆိုဆို စကားလုံးတွေနဲ့ အလွမ်းက တထိုင်တည်း လှပသွားပါရော
တကယ်ကို လွယ်လွယ်ကူကူ ယုံကြည်လိုက်စရာ မကောင်းတဲ့ ပစ္စုပ္ပန်မှာ
ချစ်တယ်ဆိုတဲ့ စကားကို မင်းနဲ့ကျမှ အထပ်ထပ် ပြောပြချင်နေသေးတယ်
အခုလည်း မျှော်လင့်ခြင်း ဖတ်စာအုပ်ထဲ အဲဒီ ပစ္စုပ္ပန်က လိမ့်လဲ့ကျ
တထိန်ထိန် နီယွန် မီးရောင်ကြားမှာ "ချစ်သူနားမှာ" ဆိုတဲ့ သီချင်းလေးကို ညည်းဆိုရင်း
ဘဝဆိုတာ နေပျော်စရာ ဖြစ်နေပြန်တယ်
ဘာမှ မလိုဘူး
သူ့ရယ်သံလေး အရှင်လတ်လတ် ကြားနေရရင် ..
သူ့ အပြုံးလေး အချိန်မဆိုင်း တွေ့နေရရင် ..
ကမ္ဘာကြီးကိုက နေပျော်စရာ ဖြစ်နေတာ ခက်တယ် ။။။။။။။။
6th March 2010
10:00 pm
2 comments:
အချိန်မဆိုင်း တွေ့နေစေဗျား
ကြည်နူးနေရတဲ့ အချိန်တွေ အတွက်
ဝမ်းသာပါတယ် မကလျာ
Post a Comment