18th February 2010
ငါ့ရဲ့ ချစ်လှစွာသော နီယွန်မီးလေးရေ…
မနက်ဖြန်ကို မျှော်နေမိပြန်ပြီကွယ်
ငါ အသင့်ပြင်ထားပါတယ်
ပျော်ရွှင်လိုက်ဖို့ .. ဝမ်းနည်းလိုက်ဖို့ .. မျှော်လင့်စောင့်စားလိုက်ဖို့ စတာတွေ ..။
တကယ်ဆို ငါ့အချစ်ဆိုတာရော နည်းလမ်းတကျ ဖြစ်ခဲ့လို့လား
မနက်ခင်းတစ်ခုကို တစ်ဖတ်သတ် ဖန်တီးပစ်ခဲ့တဲ့ အချစ်
မရဏဖွားမှန်း သိသိနဲဲ့ ခြေစုံပစ် ရင်ခုန်လိုက်တဲ့ အချစ်
ရောင်စဉ်ဖြာ နေခြည်အောက်မှာ တနွေးတထွေး ခိုလှုံလိုက်တဲ့ အချစ်
အချစ် … အချစ် … အချစ် .. အဲဒါတွေပဲ ထပ်ကာထပ်ကာ ရွတ်ဆို
အဲဒီအချိန် ချစ်လှစွာသော နီယွန်မီးလေးကတော့ အိပ်မောကျနေပေါ့
ခုလည်း တစ်မြေ တစ်ရေတည်းဆိုတဲ့ အတွေးလှလှလေးနဲ့ ရင်တွေခုန်လို့
မနေ့ညကလည်း အိပ်မပျော်ပါဘူး နီယွန်လေးရယ်
မင်း ရဲ့ တစ်စိတ်တစ်ဒေသလေး ဖြစ်ချင်တဲ့ လောဘစိတ် ပါးပါးလေးကလည်း
ဒီနေ့မှ ငြိမ်သက်စပြုလာတယ်
အနားမှာ မင်း ရှိနေရင် ရပြီပေါ့
လောကကြီးကိုလည်း အလိုလို ကျေးဇူးတွေတင်နေမိ
မင်း ဘေးနားက တစ်စက္ကန့်ကို ရဖို့ ဘာကို စိန်ခေါ်ရမလဲ ပြော
တာဝန်ကြားက တစ်ခါတလေ လှမ်း သတိရပေးရင်တောင် တစ်ဘဝစာ နေပျော်လိုက်တဲ့ သူက ငါ။
ဒီနေ့လည်း နေရင်းထိုင်ရင်းကို တုန်လှုပ်နေတယ်
အဲဒီ ဖုန်းခေါ်သံကြောင့် ပြောပါတယ်
ရင်ဘတ်ထဲက မျှော်လင့်ခြင်းတွေက မနေနိုင် မထိုင်နိုင် …
အချစ်အတွက် အကြိမ်ကြိမ် အဖန်ဖန် မွေးဖွားရင်း နေသားတောင် ကျချင်လာပြန်တယ်
တခါတလေတော့လည်း ငါ့ ဘဝထဲ မခေါ်ချင်ဘူး နီယွန်လေးရယ်
ငါက မလင်းမချင်း ရှင်သန်ရတဲ့ ည အမှောင်လမ်း
အလင်းရောင်ကို အမြဲ ပြေးလွှား လိုက်ရှာရင်း နက်သထက် နက်လာတဲ့ ည
ဘာပဲ ပြောပြော မှောင်နေတာတော့ သေချာတယ်လေ
မင်းက ငါ့ နီယွန်အလင်း … ငါ့ရဲ့ မနက်ခင်း နေခြည် … ငါ့ရဲ့ လမ်းပြကြယ်
အလင်းတကာ့ အလင်းမှာ အလှဆုံး ခြယ်သထားတဲ့ အလင်းရောင်
ကဲ .. လောကကြီး ဘယ်လောက် ကျေးဇူးတင်စရာ ကောင်းလိုက်လဲ
ငါ့အတွက် မင်းကို သူ ဖန်ဆင်းပေးထားတယ်လေ
ချစ်လှစွာသော နီယွန်လေးရေ
ဘာလိုလိုနဲ့ နှစ်ကာလတွေတောင် ငါတို့ ပြက္ခဒိန်ပေါ် ရောက်လာပေါ့
မင်း ဘဝကို မှန်းဆကြည့်လို့ ရနေလျက်နဲ့
ငါက မသိချင်ယောင်ဆောင် အရူးတစ်ပိုင်း မျှော်တော်ဇောနဲ့ မောနေပြန်သေးတာ
ခပ်ဝေးဝေးက ကဗျာ တစ်ပိုင်းတစ်စက အချိန်မရွေး အသက်ဝင် ရှင်သန်နေရင်း
ငါ့ ရင်ဘတ်ထဲ တစ်သက်စာ ကိန်းအောင်းလို့ အမှတ်ရနေစရာ သစ်ပင်ငယ်တစ်ခုလို
အာရုံမှာ အခါခါ ကြွေကျ ပျက်စီးရင်း အခါခါလည်း သီးပွင့်ခဲ့ပါတယ်။
ချစ်စွာသော နီယွန်ရေ…
မင်း ရှိနေတာ သိနေရလို့ ငါ့ရဲ့ နေ့လေးတစ်နေ့ဟာ သည်းထိတ်ရင်ဖိုနဲ့ လှပလို့
တယ်လီဖုန်းလေး မြည်သံ ကြားလိုက်ရရင်
တည်တည်ငြိမ်ငြိမ် နေဖို့ မလွယ် ဆိုတဲ့ သီချင်းလေးလို ဖြစ်နေရသေး
ဘာပဲဖြစ်ဖြစ် အဲဒီ ဖုန်းကြီးနားမှာ တစ်နေ့တာ အချုပ်ကျခဲ့ရတဲ့ အမှတ်တရပေါ့
သိနေပါတယ် … မင်း အလုပ်တွေကြား ပင်ပန်းနေပြန်တယ် မဟုတ်လား
ဟောဒီ နေရောင်ခြည်ကိုက အလိုလို နွေးထွေးနေတာ
ပြီးတော့ မနက်ဖြန်ဆိုတာကိုလည်း မျှော်တလင့်လင့်နဲ့
ပန်းပွင့်ခြေသံတွေ ကြားယောင်နေပြန်တယ်လေ
ခုဆို စက္ကန့်တွေက စလို့ နားညည်းစရာ မီးစက်သံတွေထိ အားလုံး ရက်ရက်စက်စက်လှ
အဝေးက နီယွန်မီးရောင်လေး အနီးတစ်နေရာ ဖြာဆင်းလာချိန်
ဆူညံပွက်လော ရိုက်တတ်တဲ့ ဖုန်းမြည်သံကတောင် လရောင်တေးသွား ဖြစ်လို့
ငါ့ရဲ့ ညခင်းမှာ တထိန်ထိန် သာနေလိုက်ပုံများ…။
1 comment:
ကျနော်လည်း အဲလို နီယွန်မလေးကို ချစ်ချင်တယ်ဗျာ။ ဒီမှာ မီးမလာလို့လေ
Post a Comment