Friday, June 19, 2009

ကိုလေပေါနှင့် တစ်နေ့လယ်ခင်း

တစ်နေ့လယ်ခင်းတွင် ကျွန်မ၏ဆရာလည်းဖြစ်၊ ဘော်ဒါလိုလည်းခင်ရသောသူက ဇွတ်အတင်းခေါ်၍ ကိုလေပေါရှိရာ လက်ဖက်ရည်ဆိုင်သို့ ကျွန်မ မရောက်ချင်ရောက်ချင် ရောက်ခဲ့သည်။ 
ကျွန်မတို့ထက် အရင် ကြိုရောက်နေသောကိုလေပေါက ပေါ့ပေါ့ပါးပါးနွေရာသီဝတ်စုံဖြင့် အေးအေးလူလူစာထိုင်ဖတ်ကာ လေပေါဖို့အတွက် အားမွေးနေပုံရသည်။ 
ကျွန်မတို့ ရောက်သည်နှင့် သူ၏ လေသေနတ်ကို ကျည်ဖြည့်သည့် အနေနှင့် ကိုလေပေါက လက်ဖက်ရည်တစ်ငုံသောက်ရင်း ကျွန်မတို့ကိုပါ (သူ့ပရိသတ်အဖြစ်ရည်စူးသည်ထင့်) သိကျွမ်းဟန်ပြုပြသည်။ ထို့နောက် ကျွန်မဘော်ဒါပြောဆိုလိုသည့် အကြောင်းအရာများကို နားထောင်လိုက်၊ စဉ်းစားဟန်ပြုလိုက် နှင့် ကိုလေပေါဇာတ်လမ်းနိဒါန်းပျိုး၏။ နောက်ပိုင်း၌ ကိုလေပေါ တရစပ်ကြဲချသော လေဗုံးများအကြား ကျွန်မရှောင်လိုက်၊ ထိလိုက်နှင့် မွန်းလွဲနေကလည်း ကျဲကျဲပူလျက်။
တစ်ခုတော့ရှိပါသည်။ ကိုလေပေါသည် ခံယူချက်တိတိကျကျ ဆုပ်ကိုင်ထားသူဖြစ်သည်။ သို့ကြောင့် သူလေပေါခြင်းမှာလည်း အလကား ရခဲ့တာမဟုတ်စကောင်း ဟုတွေးဖြစ်သည်။ ပြောင်းလဲနေသောကမ္ဘာကြီး၏ စီးကြောင်းများထဲတွင် လူတိုင်းပြောင်းလဲနေခြင်းမှာ အပြစ်မဆိုသာ။ သို့သော်ပြောင်းလဲတိုင်း ကိုယ်ပိုင်ခံယူချက် တော့ ရှိရမည်။ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်အတွေးအခေါ်စသည်ဖြင့် ထိုစီးကြောင်းကို မိမိ၏ဘဝ၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပြုပြင်နိုင်စွမ်းတော့ရှိရမည်။ ထိုကဲ့သို့သော ကမ္ဘာကြီး၌ ရေစုန်လိုက် နေသည့် အတွေးအခေါ်များနှင့် ဖောင်းပွနေသော လေပူဖောင်းများပေါများလာသည်က မဆန်း။
ယခုကျွန်မရှေ့ရှိ လေပူဖောင်းကတော့ တမျိုးဆန်းနေသည်။သူ့စကားတစ်ဝက်လောက်မှာ သူ့အတွေးအခေါ်ကို ကျွန်မကောက်ချက်ချလိုက်မိသည်။ ထိုကိုလေပေါသည် အခြားသောလူငယ်များနှင့် လုံးဝမတူတာတော့သေချာနေသည်။ သူ့စကားလုံးများသည် သူ့ခံယူချက်ကိုအမှန်တကယ်ကိုယ်စားပြုသည် ဖြစ်ပါက သူသည် မိုးခါးရေကြိုက်သူတစ်ဦးတော့မဟုတ်ပါ။ ထို့အပြင် သူတပါးလက်ထဲမှ မိုးခါးရေကိုလည်း မနေနိုင်ဘဲ ခါးနေပါသည်ဟုဝေဖန်ပေးချင်သူတစ်ဦး ဖြစ်ဟန်တူသည်။
ထို့အပြင် တရားမျှတစွာလည်း လေပေါတတ်သူဖြစ်သည်ဟု ကျွန်မ တရားမျှတစွာ တွေးပေးလိုက်ပါသည်။ လူတော်တော်များများရှာဖွေဆဲဖြစ်သည့် မိမိကိုယ်ပိုင် VALUE ကိုလည်း ကိုလေပေါသည် ရှာဖွေတွေ့ရှိထားပုံပေါ်သည်။ သို့ဖြစ်၍ သူသည် လူတော် လူ့ဂွစာ ကိုလေပေါဖြစ်သည်ဟု ကျွန်မက အကြမ်းဖျင်းပုံကြမ်းထုတ်လိုက်သည်။
ထိုကဲ့သို့ ကိုလေပေါ၏ မုန်တိုင်းကြားမှာကျွန်မကလည်း အတွေးပေါင်းစုံနှင့် နေရှိန်သည့် ဒဏ်ကလည်း ခံရသေးသည်။ ကိုလေပေါ စကားကောင်းနေစဉ် အတောအတွင်းလေးအတွင်းမှာပဲ ကျွန်မ အပေါ်နှုတ်ခမ်းကို အင်းဆက်တစ်ကောင် ဝင်ခဲသွား၍ ကိုလေပေါစကားကြောထဲမှ ခေတ္တအပြင်ရောက်သွားသည်။ နာလိုက်တာလွန်ရော- ။ပါးစပ်နာနေသဖြင့် ကိုလေပေါတို့ပြောဆိုဆွေးနွေးမှုများက ကျွန်မစိတ်ထဲ ရောက်တစ်ချက်၊ မရောက်တစ်ချက်။ သူတို့ကတော့ ဘာကိုမျှ မသိတော့သည့်အလား လေစက်ရုံအသစ်များ တည်နေကြသည်။ တစ်ခါတစ်ရံ စကားပြောရင်း ကိုလေပေါ၏ ဖုန်းက ထထလာတတ်၍ “ ဟလော်” ဟုဆိုကာ ၎င်းဖုန်းဖြေနေစဉ်ကာလလေးမှာပဲ ကျွန်မလေစက်ကွင်းက လွတ်၏။ သို့ပေမဲ့ ကိုလေပေါသည် စကားဝိုင်းကို ၂ ဦးတည်းနှင့် မ,တည်မထားဘဲ တစ်ဝိုင်းလုံးကိုပါ ဆွဲခေါ်တတ်သည့် ပညာလည်းတတ်သေးသည်။ စကားစတစ်ခုကို လှလှပပဆွဲယူတင်ပြတတ်သလို သူ့အတွေးအခေါ် ထင်မြင်ချက်များကိုလည်း ရဲရဲဝံ့ဝံ့ချပြပါသေးသည်။ ဤသို့ဖြင့် ကိုလေပေါသည် ၎င်း၏အတွေ့အကြုံများကို လေပူဖောင်းထဲထည့်မှုတ်ပြရင်း ပရိသတ်စိတ်ဝင်စားစေမည့် Performance Art တစ်ခုကိုပြသနေသူလို ကျွန်မမြင်လာသည်။
ပတ်ဝန်းကျင်၏ တရှိန်ရှိန်အပူဒဏ်ကလည်း ထိုလေပူဖောင်းကို ပေါက်ကွဲအောင် မည်သို့မျှ မစွမ်းသာခဲ့ပါ။ နောက်တစ်ကြိမ် ထိုကိုလေပေါနှင့် ဆုံရဦးမည်ဆိုပါက အေးချမ်းသောရာသီဥတုသာ ဖြစ်စေလိုပါသည်။ ။

No comments: