ကျွန်မရဲ့မွေးရပ်မြေအကြောင်းအနည်းအကျဉ်း ရေးပြလိုက်တာပါ။ ဓာတ်ပုံတွေအစုံအလင်နဲ့ ပို့စ်ကိုတော့ blogspot မှာ မတင်တတ်သေးတာကြောင့် နောက်တစ်နေ့နေ့ကျမှ ပြန်တင်ပါ့မယ်။ လောလောဆယ်တော့ စာချည်းသက်သက်ဖတ်ပြီး မြို့ငယ်လေးကို မြင်ယောင်ပေးကြပါပေါ့…ဓာတ်ပုံတွေက အဆင်မပြေသေးတာကြောင့်ပါ
ဒလမြို့ဆိုတာ ကျွန်မရဲ့မွေးဖွား ကြီးပြင်းနေထိုင်ရာ မြေဖြစ်ပါတယ်။ ရန်ကုန်တစ်ဖက်ကမ်းမှာရှိပြီး ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်က ့မြို့ပါ။
ဒလကိုလာမယ်ဆိုရင်တော့ လမ်း ၂ လမ်းရှိပါတယ်။ တစ်လမ်းက ရမ်ကုန်မြစ်ကို သင်္ဘောနဲ့ဖြတ်ကူးပြီး ဒလကိုတိုက်ရိုက်ရောက်နိုင်တဲ့လမ်းနဲ့ လှိုင်သာယာတံတားကနေ ကားလမ်းတိုက်ရိုက်နဲ့ လာလို့ရတဲ့ လမ်းတို့ဖြစ်ပါတယ်။ လှိုင်သာယာဘက်က လာရင်တော့ အချိန်နည်းနည်းပိုပေးရလို့ များသောအားဖြင့်တော့ ဧည့်သည်တွေက ပန်းဆိုးတန်းကနေ သင်္ဘောနဲ့ဖြတ်ကူးပြီး ဒလကိုတိုက်ရိုက်ရောက်တဲ့ လမ်းကိုပဲ အသုံးများတယ်။
အဲဒီတော့ အရင်ဆုံး ပန်းဆိုးတန်းလမ်းမကြီးအောက်ဘက်အဆုံးက သင်္ဘောဆိပ် (ပန်းဆိုးတန်းဆိပ်) ကို အရင်ရောက်အောင်လာပေါ့။ ပြီးရင် ၁၀ ကျပ်ပဲပေးရတဲ့ သင်္ဘောစီးလက်မှတ်ဝယ် ပြီး သန့်ရှင်းတဲ့မြစ်လေကို ရှူလို့ ၁၀ မိနစ်လောက် သင်္ဘောစီးလိုက်တာနဲ့ ဒလကိုရောက်ပါပြီ။
ဒလဆိပ်ကမ်းဘက်ကိုရောက်တာနဲ့ မြို့ပြနဲ့လုံးဝအသွင်ကွဲသွားတဲ့ ပတ်ဝန်းကျင်က နှုတ်ဆက်နေမှာပါ။ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက်မျက်မှန်းတန်းမိနေတဲ့ ဒလသူဒလသားတွေအဖို့ ဧည့်သည်သူစိမ်းတွေဆို အနည်းအကျဉ်းတော့ ရိပ်မိတတ်ပါတယ်။
မြန်မာလူမျိုးတွေထုံးစံအတိုင်း တစ်ရပ်တစ်ကျေးရောက်တာနဲ့ နာမည်ကြီးဘုရားကျောင်းကန်တွေ သွားချင်တယ်ဆိုရင်တော့ သင်္ဘောဆိပ်နဲ့ လည်းမဝေးတဲ့ ဒလသင်္ဘောကျင်းရှေ့က ရွှေစာရံဘုရားနဲ့ မြို့အတွင်းပိုင်းက မဟာသင်္ကြန်ဘုရားကြီးကို ညွှန်းပါတယ်။ ရွှေစာရံဘုရားပရဝုဏ်ထဲမှာဆို လူတော်တော်စိတ်ဝင်စားပြီး လာကြည့်တဲ့ ရဟန်းတာ အရှင်မြတ်တစ်ပါးရဲ့ ရွှေရည်စိမ်ရုပ်ကလာပ်တော် ရှိတယ်။ အဲဒိီရုပ်ကလာပ်ကိုတူးဖော်တွေ့ရှိခဲ့တာက ဒီဘက်ခေတ်ရောက်မှပါ။ ထူးဆန်းတာလေးတွေ မှတ်တမ်းတင်ချင်တယ်ဆိုရင်တော့ အံကိုက်ပဲ။
မဟာသင်္ကြန်ဘုရားကြီးဆိုရင်လည်း ရုပ်ပွားတော်မြတ်ကြီးတစ်ဆူကို တန်ဆောင်းထဲမှာ သွန်းလုပ်ပူဇော်ထားတာဖြစ်ပြီး အနီးက မဟာသင်္ကြန်ရေကန်နဲ့အတူ အေးအေးချမ်းချမ်းရှိလှပါတယ်။
ဒလကိုရောက်ရင်တော့ မြို့ထဲကိုဆိုရင် ဆိုက်ကားတို့ ဆိုင်ကယ် ကယ်ရီတို့နဲ့ကိုယ်သွားချင်တဲ့ နေရာကို စျေးသက်သာစွာ သွားလို့ရပါတယ်။ ဒလကနေ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဖျာပုံ စတဲ့မြို့တွေဆီ ဆက်သွားချင်တယ်ဆိုရင်တော့ ဒိုင်နာ၊ ဟိုင်းလပ်၊ မှန်လုံယာဉ်၊ စူပါဆလွန်းအငှားကားတွေအပြင် ဆိုင်ကယ် ကယ်ရီတွေနဲ့ပါ လေတဝရှူရင်းသွားလို့ရတယ်။
ဒလရဲ့ အစည်ကားဆုံးနေရာကတော့ သင်္ဘောဆိပ်ပါ။ ကားဂိတ်နဲ့ သင်္ဘောဆိပ်က တွဲစပ်နေတာမို့ အမြဲမပြတ် လူတွေ ကားတွေ ဆိုက်ကား ဆိုင်ကယ် စက်ဘီးတွေနဲ့ စည်ကားနေတတ်ပါတယ်။ ရုံးတတ်ရုံးဆင်းချိန်ဆို အစည်ဆုံးပေါ့။
ဒလမြီု့သူမြို့သားအများစုက လက်လုပ်လက်စားဝန်ထမ်းတွေပါ။ အလုပ်တွေကလည်းရန်ကုန်မှာပဲ လာလုပ်တာများပါတယ်။ ဒီတော့ ရန်ကုန်မြစ်ကိုနေ့တိုင်းကူးပြီး အလုပ်ဆင်းကြတယ်။ တတ်နိုင်သူတချို့သာ ကိုယ့်မြို့မှာပဲ စီးပွားရေးတစ်ခုခုထူထောင်လုပ်ကြတယ်လေ။ ကျွန်မအပါအဝင် အများစုကတော့ ရန်ကုန်ဘက်ကမ်းကို နေ့စဉ်နဲ့အမျှ အလုပ်တက်ဆင်းလုပ်နေတဲ့ သာမန်ဝန်ထမ်းလူတန်းစားတွေပါ။
………ဆက်ရန်။
No comments:
Post a Comment