မေ့လျော့မှုတွေဟာ
ငါတို့ သမိုင်းကို ကြမ်းရိုင်းစေတာပဲ
လူ့အဖြစ်ကို သေချာဖို့ အတွက်
အဓိပါယ်မဲ့ လက်မှတ်တစ်စောင်
နေလောင်နေတဲ့ မြို့ ရဲ့ပုခုံးသား
သူတို့သားအမိတွေ အဲဒီရွာလေးကို ရောက်လာခဲ့တာ
"ရော့ အမေ... အဲဒီမှာ ဂါလံပုံး
နောက်ဆုံးအချိန်အထိ အရှုံးမပေးနဲ့
ပြေးတော့ အမေ "
အသက်ဆိုတာကလည်း
လုယူရမှ တန်ဖိုးပိုရှိတာ...
မျက်လုံးထဲမှာ အိမ်လောက်မြင့်တဲ့လှိုင်းလုံးကြီ
တစ်ကိုယ်လုံးကို မီးတောက်လိုဝါးမြိုခဲ့ပြီး
နားတွေထဲမှာတော့
ငရဲဟာ ပင်လယ်ကလာတာလို့ ကြားနေရတယ်
"ပင်လယ်ကို မချစ်ပေမယ့်
ကျွန်မတို့ သားအမိတွေ ပင်လယ်မှာ နစ်ကြရတာပဲ"
"သားရေ...
သားလေး...
ဒီရွာမှာသေမင်းလက်လှမ်း မမှီတဲ့ နေရာ
မရှိတော့ဘူးလားသားရေ"
"အစ်မက သူ့သားလေးကို ကုန်းမြင့်တဲ့ နေရာမှာတင်ပြီး
ထွက်ပြေးတယ်...
အမေရယ် ဘယ်အထိများပြေးနိုင်ခဲ့တာလဲ"
ကြွေးဟောင်းလည်းမဆပ်နိုင်ခဲ့
ကြွေးသစ်လည်း မချနိုင်ခဲ့တာ
ဟော့ဒီမုန်တိုင်းပါပဲ
ဒီရေ လှိုင်းလုံးကြီးတွေ တ၀ုန်းဝုန်း တက်လိုက်ဆင်းလိုက်
အဆိပ်မြားလို မိုးရေစက်တွေက
ဘ၀အားလုံးကို စုတ်ပြတ်သွားစေခဲ့တယ်
"တိုက်နေတဲ့ လေကြမ်းတွေစဲ
ဒီလှိုင်းလုံးကြီးတွေ ပြန်ဆွဲသွားတော့
ကျွန်မဖက်ထားတဲ့ သစ်ပင်နဲ့ ကျွန်မကျောပြင်
ခွဲခြားလို့ရမယ် မထင်တော့ဘူး"
"အမေရယ် ၊ အစ်မရယ်၊ တူလေးရယ်
တစ်ရွာလုံးလည်း မြေပုံထဲကဆွဲဖယ်ခံ ရသလို
ပျောက်ဆုံးသွားလိုက်တာ
အသက်ဆိုတာ
လှိုင်းရိုက်ပြီး သောင်စပ်မှာ လာတင်တဲ့
အမှိုက်တွေ လိုပါပဲ အမေ"
ရွာလေးတစ်ရွာပေါ့
ရက်လည်ဆွမ်းသွပ်ဖိတ်စာတစ်စောင်
နာမည်သုံးခုရိုက်ထည့်ပြီး
မြစ်ဝကျွန်းပေါ်ရဲ့ အရိုင်းဆုံးသမိုင်း
မုန်တိုင်းကို သရုပ်ဖော်ခဲ့ကြတယ်။ ။
မင်းစိုးရာ
1 comment:
အဟု..တဒယ်ကောင်းတဲ့ကဗျာဗျာ ..အဟုတ်ကိုကောင်းတာ.. နောက်သလိုဖြစ်တယ်ဆိုလည်းခွင့်လွှတ် လက်ကအကျင့်ပါနေလို့ ..:D .. ကောင်းတာကတကယ်ကိုကောင်းတာ ..
Post a Comment