Thursday, March 19, 2009

Mandalay Memory

ဟိုနေ့က ပျင်းပျင်းရှိတာနဲ့ ဓာတ်ပုံတွေပြန်ကြည့်တော့ မန္တလေးရောက် တုံးကပုံတွေတွေ့မိတာ မန္တလေးကို ပြန်သတိရသွားတယ်။ ကျွန်မက နာဂစ်ကို ကြံကြံဖန်ဖန်လွဲချင်တော့ နာဂစ်ကာလမှာ မန္တလေးလို အပူပိုင်းဇုံမှာ အပူတွေကန် မိတ်တွေပေါက်ရင်း လျှောက်သွားနေရတဲ့ အဖြစ်ပေါ့ . . . . . . :D
မန္တလေးသွားတဲ့အကြောင်းရင်းကတော့ သူငယ်ချင်းနဲ့အတူ Thesis အတွက် Research သွားလုပ်တာပါ။ ယူရမယ့် data တွေကမိဘမဲ့တွေနဲ့ ပတ်သက်နေလို့ ကျွန်မတို့က မန္တလေးဖောင်တော်ဦးကျောင်းမှာ တည်းရပါတယ်။ ကျောင်းသား ၇၀၀၀ လောက်ကိုနေ့စဉ်စာသင်ပေးနေတဲ့ ဖောင်တော်ဦးကျောင်းကြီးဆိုတာ မဆုံးနိုင်တဲ့ တိုက်တန်းရှည်ကြီးလိုပါပဲ။ ကျွန်မတို့မန္တလေးမှာ နေသမျှကာလပတ်လုံး အဲဒီကျောင်းက လူတော်လေး KMT က Guide လိုကူညီပေးတယ်။ တခြားဆရာဆရာမတွေကလည်း ကူညီကြပါတယ်။ ကျေးဇူးတင်စရာ အကောင်းဆုံးကတော့ ကျောင်းထိုင် ဆရာတော် ဘုန်းဘုန်းကြီးပါ။
ဖောင်တော်ဦးကနေ ရေနီမြောင်းဘေးက ဧရိပ်မွန် မိဘမဲ့အမျိုးသမီး ဂေဟာနဲ့ ကျုံးဘေးမှာရှိတဲ့ YMCA က ချင်းတိုင်းရင်းသားမိဘမဲ့ဂေဟာ တွေအပြင် မြို့ပြင်ဂေါဝိန်ဆိပ်ကိုကျော်ပြီး တော်တော်လေးသွားရတဲ့ ပေပင်ဘုန်းကြီးကျောင်းက မိဘမဲ့ ကိုရင်လေးများဆီပါရောက်ခဲ့တယ်။
ဧရိပ်မွန်ကိုတော့ ရေနီမြောင်းတလျှောက် အေးအေးလူလူပဲ လမ်းလျှောက်သွားတယ်။ အရမ်းအေးချမ်းတယ်။ အတွင်းလမ်းဆိုတော့ ကျုံးဘေးမှာလို ဆိုင်ကယ်တွေ၊ ကားတွေ သိပါမရှိပါဘူး။ ဧရိပ်မွန်ကို ဟိုအရင်က `ကြည်ပြာ´ရုပ်ရှင်ကားထဲမှာပဲ မြင်ဖူးတာ။ ရောက်ဖူးတော့ တော်တော် အေးချမ်းတဲ့ နေရာလို့မှတ်ချက်ချမိတယ်။ ကလေးတွေကလည်း လိမ္မာတယ်။ ချစ်ဖို့ကောင်းတယ်။ ချင်းတိုင်းရင်းသားမိဘမဲ့ ဂေဟာကတော့ ကျုံးဘေးမှာ ရှိနေလို့မျှော်ကြည့်လိုက်တာနဲ့ ကျုံးမြို့ရိုးကြီးနဲ့ ကျုံးရေပြင်ကို တွေနေရတယ်။ အဲဒီက ကလေးတွေက စကားသံဝဲ၀ဲနဲ့ ချစ်စရာတိုင်းရင်းသားကလေးတွေပါ။
ပြောရဦးမယ်။ မန္တလေးမှာရှိနေရတာ ၂ပတ်လောက်ဆိုတော့ အင်တာနက် လေးသုံးချင်စိတ်က တားမရလို့ ကျုံးရှေ့က ဆိုင်တစ်ဆိုင်မှာသုံးမိပါတယ်။ ကွန်နက်ရှင်က ပြောတောင်မပြောချင်ပါဘူး။ မီးပျက်လို့ အဲကွန်းက မဖွင့်၊ မေလ ရာသီဥတုပူပူမှာ ကွန်ပျူတာကြီးရှေ့ ငုတ်တုတ်ထိုင်၊ ဇွဲကောင်းကောင်းနဲ့ သုံးလိုက်တာ ၁ နာရီ ၁၀၀၀ ကျပ်တော့ ပေးလိုက်ရတယ်။ နီးနီးနားနား သုံးလိုက်ရတာပဲ ကျေးဇူးတင်စရာပါ။
မန္တလေးရောက်မှတော့ ထုံးစံအတိုင်း မန္တလေးတောင်တက်တာပေါ့။ ကျွန်မတို့က ဒေသအခြေအနေမသိဘဲ ညနေမှောင်စမှာ စွတ်ရွက်တက်လိုက် တာတောင်ပေါ်ရောက်ဖို့ ၂ကွေ့လောက်အလိုမှာ မီးကပျက်သွားပါရော။ အထာမသိတဲ့ ဘုရားစောင်တန်းမှာ မှောင်ကြီးမည်းမည်း စမ်းပြီး ဘေးထိုင်ခုံ တွေပေါ် ငြိမ်ငြိမ်လေးထိုင်နေကာမှ ခွေးကဟောင်ပြီးပြေးလာလိုက်တာ။ အဲဒီစောင်းတန်းက မန္တလေးသူမိန်းကလေးတစ်ယောက်က ကူညီပေလို့ သာပေါ့။ `ကျွန်တော်လိုက်ပို့ပေးပါ့မယ်´ ဆိုတဲ့သူမရဲ့ စကားသံကို ခုထိ ကျေးဇူးတင်စွာ မှတ်မိနေဆဲပါ။ အဲဒီနေ့က မီးပျက်လို့ ဘုရားပေါ်ထိမရောက်ပဲ တောင်အောက်ပြန်ဆင်းခဲ့ပြီး နောက်နေ့မှ လင်းလင်းချင်းချင်းပြန်တက် လိုက်တယ်လေ။ ညဘက်တော့ မတက်ရဲတော့ပါဘူး။
မန္တလေးမှာ ကျွန်မတို့အားထားတဲ့ transportation way က ဆိုက်ကားနဲ့ လိုင်းကားပါ။ ဆိုင်ကယ်တွေကားတွေကြာမှာ ကျုံးတပတ်ပြည့်အောင် ဆိုက်ကားစီးခဲ့ရတဲ့ အချိန်ကလည်းအမှတ်တရပေါ့။ အငှားကားတွေကလည်း ဈေးကခေါင်ခိုက်နေတာလေ။ လိုင်းကားတောင် ရန်ကုန်နဲ့ယှဉ်ရင် မန်းလိုင်းကား တွေက ဈေးပိုကြီးတယ်။ ဆိုက်ကားကတော့ အတန်ဆုံးပဲ။ ဆိုက်ကားစီးရင်း ဆိုက်ကားဆရာတွေဆီက ဒေသန္တရ ဗဟုသုတ လည်းရတယ်။ လိုင်းကားတွေစီး တတ်သွားလို့ မင်းကွန်းသွားတဲ့ မော်တော်ဆိပ်ထိသွားပြီး မင်းကွန်းဘက်ထိ ခြေဆန့်ခဲ့တယ်။ ၄၅မိနစ်လောက်မော်တော်စီးရတာ တိုးတိုးဝှေ့ဝှေ့နဲ့ပေမဲ့ ပျော်စရာပါပဲ။ မင်းကွန်းမှာ နေပူကျဲတဲ လျှောက်ကြည့် ဓာတ်ပုံရိုက်ကြနဲ့ သွားလိုက်ကြတာ မင်းကွန်းဘိုးဘွားရိပ်သာ အရိပ်ကတော့ အေးချမ်းလှပါတယ်။
ရန်ကုန်နဲ့ တခြားနေရာက မိတ်ဆွေတွေဖို့ပေးတဲ့ နာဂစ်သတိပေးချက် Email တွေဖတ်ရတုံးက နာဂစ်ကို သိပ်မထင်မိဘူး။ ဒါပေမဲ့ မေလ ၄ရက်နေ့ ရောက်တော့ ရန်ကုန်ကို ဖုန်းဆက်မရတော့ဘဲ နောက်ထပ်သတင်းတွေ ကြားတော့မှ မုန်တိုင်းဒဏ်တော်တော်ခံလိုက်ရတာ မှန်းမိတယ်။ အိမ်ကို စိတ်ပူလို့ အမြန်ပြန်ချင်ပေမဲ့ ကားလက်မှတ်တွေက ၀ယ်မရဘူး။ လမ်းခဏပိတ်တယ်ဆိုလား။ နောက်ဆုံး (၇) ရက်နေ့ ပြန်ဖို့လက်မှတ်ရတော့ စစ၀ယ်ဈေးက မန္တလေး - ရန်ကုန် လက်မှတ်တစ်စောင်ကို ၁၂၀၀၀ကျပ်ပါ။ ဒါပေမဲ့ ကားပေါ်ရောက်မှ ၃၀၀၀ စီထပ်တောင်းလို့ ခရီးသည်အားလုံး မကျေမနပ် ပေးခဲ့ရတယ်။ သူတို့ကားပေါ်ရောက်နေပြီကိုး။ ဆီဈေးတွေတက်တာ ကျတာတော့ သိပ်မသိပါဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်ရပ်မျိုးကတော့ မရှိသင့်တာ အမှန်ပါပဲ။
အိမ်ပြန်ခရီးကို ဆက်ရေးရင်တော့ နာဂစ်မြင်ကွင်း တစိတ်တဒေသဘဲ ဖြစ်သွားတော့မယ်။ ဒါကတော့ စစချင်း သတိရသွားတဲ့ မန္တလေးခရီးရဲ့ နောက်ဆက်တွဲ တွေးမိတာလေးတွေပါ။

Saturday, March 7, 2009

ရင်ထဲကသစ်ပင်

ခက်နေပြန်ပါပြီ
ထပ်နေတဲ့ခေါင်းစဉ်တွေအစီအရီနဲ့
နှစ်က ဖျတ်ခနဲသစ်သွားပြီ
အသစ်လွင်ဆုံးမိနစ်တစ်ခုမှာ
ကြယ်ကြွေသယောင်နဲ့ ဆုတစ်ခုတောင်းလိုက်မိတယ်။
သစ္စာမဏ္ဍိုင်ဆိုတဲ့ စကားလုံးကို
ကုတ်ခြစ်သုံးချင်နေလို့
အမ်ပီသရီးလေးအကူအညီနဲ့
လူတစ်ယောက်ကို မေ့ချင်ယောင်ဆောင်နေရတယ်။
ထားပါ ဘုန်းနေသွန်းရယ်
အချစ်ဆိုတာ ဘယ်ရင်ကစခဲ့စခဲ့
ငါကတော့လမ်းမီးရောင်အောက်မှာ မင်းလို
စုစုအောင်ရယ်လို့ မညည်းနိုင်သေးဘူး
.......
အဲဒီညက
ကော်ဖီချန်ထားတယ်လို့သူပြောတယ်။
အဲဒီညမျိုးပဲ
ဟီးရိုးဆိုတဲ့တေးသံကြားမှာ
ငါက သာသာလေးအသက်ရှူနေခဲ့တယ်။
ခုလည်းအဲဒီညမျိုးပါပဲ။
ဒါပေမဲ့
မှောင်မည်းခြောက်ကပ်..
မြောက်ပြန်လေတောင်မတိုက်တဲ့ည။
ဆားကစ်ပြားအပျက်တွေရှေ့မှာ
ထောင်ချောက်ထဲတိုးဝင်ဖို့
ခဲတံကိုင်ထားတဲ့လက်တွေက တပြင်ပြင်
ထပ်နေတဲ့ခေါင်းစဉ်တွေ
နာရီမိနစ်စက္ကန့်တွေနဲ့
ရင်ထဲကသစ်ပင်..ရှင်သန်နေလိုက်ပုံများ။

Tuesday, March 3, 2009

ဒလမြို့…. Or my native Town Dalla

ကျွန်မရဲ့မွေးရပ်မြေအကြောင်းအနည်းအကျဉ်း ရေးပြလိုက်တာပါ။ ဓာတ်ပုံတွေအစုံအလင်နဲ့ ပို့စ်ကိုတော့ blogspot မှာ မတင်တတ်သေးတာကြောင့် နောက်တစ်နေ့နေ့ကျမှ ပြန်တင်ပါ့မယ်။ လောလောဆယ်တော့ စာချည်းသက်သက်ဖတ်ပြီး မြို့ငယ်လေးကို မြင်ယောင်ပေးကြပါပေါ့…ဓာတ်ပုံတွေက အဆင်မပြေသေးတာကြောင့်ပါ

ဒလမြို့ဆိုတာ ကျွန်မရဲ့မွေးဖွား ကြီးပြင်းနေထိုင်ရာ မြေဖြစ်ပါတယ်။ ရန်ကုန်တစ်ဖက်ကမ်းမှာရှိပြီး ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်က့ မြို့ပါ။
ဒလကိုလာမယ်ဆိုရင်တော့ လမ်း ၂ လမ်းရှိပါတယ်။ တစ်လမ်းက ရမ်ကုန်မြစ်ကို သင်္ဘောနဲ့ဖြတ်ကူးပြီး ဒလကိုတိုက်ရိုက်ရောက်နိုင်တဲ့လမ်းနဲ့ လှိုင်သာယာတံတားကနေ ကားလမ်းတိုက်ရိုက်နဲ့ လာလို့ရတဲ့ လမ်းတို့ဖြစ်ပါတယ်။ လှိုင်သာယာဘက်က လာရင်တော့ အချိန်နည်းနည်းပိုပေးရလို့ များသောအားဖြင့်တော့ ဧည့်သည်တွေက ပန်းဆိုးတန်းကနေ သင်္ဘောနဲ့ဖြတ်ကူးပြီး ဒလကိုတိုက်ရိုက်ရောက်တဲ့ လမ်းကိုပဲ အသုံးများတယ်။
အဲဒီတော့ အရင်ဆုံး ပန်းဆိုးတန်းလမ်းမကြီးအောက်ဘက်အဆုံးက သင်္ဘောဆိပ် (ပန်းဆိုးတန်းဆိပ်) ကို အရင်ရောက်အောင်လာပေါ့။ ပြီးရင် ၁၀ ကျပ်ပဲပေးရတဲ့ သင်္ဘောစီးလက်မှတ်ဝယ် ပြီး သန့်ရှင်းတဲ့မြစ်လေကို ရှူလို့ ၁၀ မိနစ်လောက် သင်္ဘောစီးလိုက်တာနဲ့ ဒလကိုရောက်ပါပြီ။
ဒလဆိပ်ကမ်းဘက်ကိုရောက်တာနဲ့ မြို့ပြနဲ့လုံးဝအသွင်ကွဲသွားတဲ့ ပတ်ဝန်းကျင်က နှုတ်ဆက်နေမှာပါ။ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက်မျက်မှန်းတန်းမိနေတဲ့ ဒလသူဒလသားတွေအဖို့ ဧည့်သည်သူစိမ်းတွေဆို အနည်းအကျဉ်းတော့ ရိပ်မိတတ်ပါတယ်။
မြန်မာလူမျိုးတွေထုံးစံအတိုင်း တစ်ရပ်တစ်ကျေးရောက်တာနဲ့ နာမည်ကြီးဘုရားကျောင်းကန်တွေ သွားချင်တယ်ဆိုရင်တော့ သင်္ဘောဆိပ်နဲ့ လည်းမဝေးတဲ့ ဒလသင်္ဘောကျင်းရှေ့က ရွှေစာရံဘုရားနဲ့ မြို့အတွင်းပိုင်းက မဟာသင်္ကြန်ဘုရားကြီးကို ညွှန်းပါတယ်။ ရွှေစာရံဘုရားပရ၀ုဏ်ထဲမှာဆို လူတော်တော်စိတ်ဝင်စားပြီး လာကြည့်တဲ့ ရဟန်းတာ အရှင်မြတ်တစ်ပါးရဲ့ ရွှေရည်စိမ်ရုပ်ကလာပ်တော် ရှိတယ်။ အဲဒီရုပ်ကလာပ်ကိုတူးဖော်တွေ့ရှိခဲ့တာက ဒီဘက်ခေတ်ရောက်မှပါ။ ထူးဆန်းတာလေးတွေ မှတ်တမ်းတင်ချင်တယ်ဆိုရင်တော့ အံကိုက်ပဲ။
မဟာသင်္ကြန်ဘုရားကြီးဆိုရင်လည်း ရုပ်ပွားတော်မြတ်ကြီးတစ်ဆူကို တန်ဆောင်းထဲမှာ သွန်းလုပ်ပူဇော်ထားတာဖြစ်ပြီး အနီးက မဟာသင်္ကြန်ရေကန်နဲ့အတူ အေးအေးချမ်းချမ်းရှိလှပါတယ်။
ဒလကိုရောက်ရင်တော့ မြို့ထဲကိုဆိုရင် ဆိုက်ကားတို့ ဆိုင်ကယ် ကယ်ရီတို့နဲ့ကိုယ်သွားချင်တဲ့ နေရာကို ဈေးသက်သာစွာ သွားလို့ရပါတယ်။ ဒလကနေ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဖျာပုံ စတဲ့မြို့တွေဆီ ဆက်သွားချင်တယ်ဆိုရင်တော့ ဒိုင်နာ၊ ဟိုင်းလပ်၊ မှန်လုံယာဉ်၊ စူပါဆလွန်းအငှားကားတွေအပြင် ဆိုင်ကယ် ကယ်ရီတွေနဲ့ပါ လေတ၀ရှူရင်းသွားလို့ရတယ်။
ဒလရဲ့ အစည်ကားဆုံးနေရာကတော့ သင်္ဘောဆိပ်ပါ။ ကားဂိတ်နဲ့ သင်္ဘောဆိပ်က တွဲစပ်နေတာမို့ အမြဲမပြတ် လူတွေ ကားတွေ ဆိုက်ကား ဆိုင်ကယ် စက်ဘီးတွေနဲ့ စည်ကားနေတတ်ပါတယ်။ ရုံးတတ်ရုံးဆင်းချိန်ဆို အစည်ဆုံးပေါ့။
ဒလမြီု့သူမြို့သားအများစုက လက်လုပ်လက်စားဝန်ထမ်းတွေပါ။ အလုပ်တွေကလည်းရန်ကုန်မှာပဲ လာလုပ်တာများပါတယ်။ ဒီတော့ ရန်ကုန်မြစ်ကိုနေ့တိုင်းကူးပြီး အလုပ်ဆင်းကြတယ်။ တတ်နိုင်သူတချို့သာ ကိုယ့်မြို့မှာပဲ စီးပွားရေးတစ်ခုခုထူထောင်လုပ်ကြတယ်လေ။ ကျွန်မအပါအ၀င် အများစုကတော့ ရန်ကုန်ဘက်ကမ်းကို နေ့စဉ်နဲ့အမျှ အလုပ်တက်ဆင်းလုပ်နေတဲ့ သာမန်ဝန်ထမ်းလူတန်းစားတွေပါ။

………ဆက်ရန်။