Monday, December 29, 2008

ဘုန်းနေသွန်းရဲ့လက်ရာ...

ရင်ကွဲနာ

မိုးတွေရွာနေတဲ့အခါ
မင်းမှာအရိပ်တစ်ခုရှိနေရဲ့လား
မသိစိတ်က
နောင်ဘ၀အထိဖျက်လို့ပြင်လို့မရတဲ့
ကျောက်စာ.......
အိပ်မရတဲ့ညတွေမှာ
ငါဟာလွမ်းတဲ့စိတ်ကိုတဖွဖွပွတ်သပ်လို့
အတွေးထဲ
မင်းမျက်ဝန်းလေးဘယ်ပန်းချီ
မင်းရယ်လိုက်တဲ့ရယ်သံလွင်လွင်လေးဘယ်ကဗျာ
မင်းမရှိတဲ့ညတွေမှာ
ငါဟာငရဲလိုပူလောင်ပြင်းပြလို့
မင်းလေးရဲ့ဥပေက္ခာဟာ
ငါ့ဘ၀အတွက်ဒုက္ခသစ္စာပါစုစုအောင်ရယ်......
အိပ်မရဘူး
အိပ်မက်အသေ၊ ဘ၀အရှင်
ရင်ဟာသုံးမရတဲ့ဟင်းလင်းပြင်လား
အနာတရနဲ့လမ်းတကာလွင့်စင်နေ
ဒဏ်ရာကအတွေးအထိနစ်ဝင်နေ
အပြင်မှာ
နွေ.........
သစ်ရွက်တွေကတငွေ့ငွေ့ပဲ့ကျလို့
အလွမ်းကလက်ရည်တပြင်တည်းစိမ်းလန်းလို့
ဒီမှာ.....ရင်တွင်းဖွဲ့မီးအကြိမ်ကြိမ်လောင်တယ်
စကားတွေခဏခဏမှားတယ်
အိပ်မက်ထဲထိ
နှုတ်ခမ်းပါးတွေကိုမေ့လို့မရဘူး
သူငယ်ချင်းမလေးရယ်။ ။

Friday, December 5, 2008

ညီမျှခြင်း

လောကကြီးကမရှိတာကိုအရှိလုပ်ပြီး
ညီမျှခြင်းဆိုတဲ့ဝေါဟာရနဲ့သင်္ကေတကိုဖန်တီးထားတယ်
၁=၁ ဆိုတာမှာတောင် ၁ ချင်းက အရွယ်တူချင်မှတူမယ်
ဘယ်မှာတူညီမျှနေလို့တုန်း
၁၀ တန်ပါတယ်လို့တံဆိပ်ကပ်ထားရုံနဲ့လည်း
ပစ္စည်းတစ်ခုက အဲဒီလောက်တန်ဖိုးနဲ့ညီတယ်လို့မဆိုသာပါဘူး
ကိုယ့်ဘက်ကတစ်စုံတရာပေးလိုက်တယ်
တစ်စုံတစ်ရာပြန်ရတယ်
အဲဒါနဲ့ပဲ ဒါကိုညီမျှခြင်းချလို့မရပြန်ဘူး
ဒါပေမဲ့တချို့ကကျေနပ်နေတယ် တချို့ကကြိတ်မနိုင်ခဲမရဖြစ်ကြ
တချို့ကပေါက်ကွဲကြ
ညီမျှခြင်းဆိုတာရဲ့ဘေးထွက်အကျိုးတရားတွေပေါ့
ဘာပဲဖြစ်ဖြစ်တွက်ချက်မှုရှိရင်လည်းရှိပစေ
အဲဒီတွက်ချက်မှုရဲ့နောက်ဆုံးရလဒ်ကတော့
ကျေနပ်စွာလက်ခံနိုင်မှုပဲဖြစ်ဖို့လိုတယ်
အဲဒီလိုမှမဟုတ်ရင်တော့
ဘာကိုမှ ညီမျှခြင်းချကြည့်ဖို့မကြိုးစားလေနဲ့

လရိပ်ပြာ

လွမ်းတဲ့ည

အချစ်ဆိုတာကိုကြောက်ပါတယ်
ဒါတောင်
ဒီညအလွမ်းတွေသည်းနေသေး
နေထွက်နေ၀င်တွေက မဆန်းဘူးကွယ့်
အမှတ်တရညနေရီတစ်ခုသာ
အဆန်းတကြယ်ကျန်ရစ်ခဲ့တာ
ဘ၀ဆိုတာကို
အချစ်နဲ့စပ်ဟပ်ပေးနေတဲ့သူ
ကျွန်မက
အက်ဒီဆင်မဟုတ်ပေမဲ့
အလွမ်းကိုလမ်းမီးနဲ့ရောထွန်းရင်းပဲ
ပြီးပြီးရောညတွေကို အချိန်ဖြုန်းခဲ့ရတယ်။ ။


လရိပ်ပြာ